အရည်အသွေးမြင့် Hass ထောပတ်သီးများကို စင်ကာပူနှင့်ထိုင်းနိုင်ငံသို့ အဓိကထားတင်ပို့မည်

ယခုနှစ်တွင် ထွက်ရှိသည့် အရည်အသွေးမြင့် Hass ထောပတ်သီးများကို စင်ကာပူနှင့် ထိုင်းနိုင်ငံသို့ အဓိကထားတင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

ယမန်နှစ် ထောပတ်သီးရာသီချိန်တွင် အရည်အသွေးမြင့် Hass ထောပတ်သီးတန်ချိန် ၃,၀၀၀ ခန့် ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ပိုမိုထွက်ရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

နှစ်စဉ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ထောပတ်သီးများ လှိုင်လှိုင်ထွက်လေ့ရှိပြီး ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင်လည်း Hass ထောပတ်သီးများအပြင် Buccaneer ၊ 034 ၊ Booth 7 နှင့် အမရာစသော ထောပတ်သီးမျိုးများကို တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ အများအားဖြင့် ကိုင်းဆက်စိုက်ပျိုးထားသည့် Hass ထောပတ်သီးများနှင့် Buccaneer ထောပတ်သီးများကို ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများက အဓိကထားစားသုံးကြကြောင်း သိရသည်။

ပြည်တွင်း၌စိုက်ပျိုးသည့် ထောပတ်သီးများသည် ပြည်တွင်း၊ ပြည်ပဈေးကွက်၌ ဝယ်လိုအားကောင်းလာ၍ ထောပတ်သီး စိုက်ပျိုးတောင်သူများအနေဖြင့် ဈေးကွက်လိုအပ်ချက်ရှိသော ထောပတ်မျိုးကို ဦးစားပေးစိုက်ပျိုးကြရန် အသင်းမှ တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် ထောပတ်သီးစိုက်ခင်းဧက ၂၅,၀၀၀ ရှိပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင် စိုက်ပျိုးကြကြောင်း သိရသည်။

image