ရွေးကောက်ပွဲလုပ်ငန်းစဉ်သည်သာ မိမိတို့လျှောက်လှမ်းရမည့် လမ်းကြောင်းအမှန်ဖြစ်

လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကျင်းပရသည့်အကြောင်းနှင့်ပတ်သက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၁၄ ရက်တွင်ကျရောက်သည့် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွက် ယနေ့ကာလသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အရေးကြီးသည့်အချိန်ဖြစ်၍ ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို မကြာမီ စတင်ကျင်းပတော့မည်ဟု ပြောသည်။

" ရွေးကောက်ပွဲလုပ်ငန်းစဉ်သည်သာ မိမိတို့လျှောက်လှမ်းရမယ့် လမ်းကြောင်းအမှန်ဖြစ်တာကြောင့် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး လက်တွေ့အကောင်အထည်ဖော်တည်ဆောက်ရေးမှာ ပြည်သူတစ်ရပ်လုံးက တစ်စိတ်တစ်ဝမ်းတည်းပူးပေါင်းပါဝင်ကြဖို့က အဓိကကျပါတယ်"ဟု ယာယီသမ္မတက ပြောသည်။

စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကိုဆောင်ရွက်ရာတွင် သက်ဆိုင်ရာပုဂ္ဂိုလ်အားလုံးမှ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုး၊ နိုင်ငံတော်၏ အကျိုးကိုကြည့်၍ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရန်လိုသည်ဟု ပြောသည်။

နိုင်ငံနှင့် ပြည်သူအားလုံးအတွက် ကောင်းကျိုးဖော်ဆောင်နိုင်ရန် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးသည် အဓိကဖြစ်၍ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး၌ စစ်မှန်ပြီးရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်ပြီး ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးမှာ တိုင်းရင်းသားပြည်သူအားလုံး၏ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်၍ ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

image