တစ်ကမ္ဘာ့လုံး ပါးစပ်အဟောင်းသားဖြစ်အောင် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ ခြေတစ်လှမ်းသာလိုတော့တဲ့ ဖီဖာကမ္ဘာ့အဆင့်အနိမ့်ဆုံး အသင်း
====================

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အရေအတွက် တိုးမြှင့်ထားမှုနှင့်အတူ လက်ရွေးစင်အသင်းသစ်တွေကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့လာရတော့မှာလည်း ဖြစ်ပါတယ်။

ကိတ်ဗာဒီ၊ ဂျော်ဒန်၊ ဥဇဘက်ကစ္စတန်တို့က အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပထမ ခြေစစ်ပွဲအောင်မြင်ထားတဲ့ အသင်းတွေအဖြစ် ထွက်ပေါ်ထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် အခု ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ နောက်ထပ် နီးစပ်နေတဲ့အသင်းသစ်တစ်သင်းကတော့ ဖီဖာကမ္ဘာ့အဆင့်အနိမ့်ဆုံးအသင်း ဖြစ်နေပါတယ်။

လက်ရှိ ကမ္ဘာ့ဖလားသမိုင်းမှာ ဖီဖာကမ္ဘာ့အဆင့်အနိ့မ့်ဆုံးအသင်း ခြေစစ်ပွဲအောင်မြင်မှုအဖြစ် ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ မြောက်ကိုရီးယားက ကမ္ဘာ့အဆင့် ၁၀၅ ဖြင့် စံချိန်ရေးထိုးထားပါတယ်။

ဒါပေမယ့် လူဦးရေ ၆ သိန်းကျော်မျှသာ ရှိတဲ့ တောင်အမေရိကနိုင်ငံငယ်လေး ဆူရာနမ်က ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။

ဆူရာနမ်ဟာ လွန်ခဲ့တဲ့ နှစ် ၅၀ ကမှ ဒတ်ချ်လက်အောက်က လွတ်လပ်ရေး ရလာတဲ့ နိုင်ငံဖြစ်ပြီး ဖီဖာကမ္ဘာ့အဆင့် ၁၂၆ နေရာမှာ ရပ်တည်နေတဲ့အသင်းပါ။

ဒါပေမယ့် ဆူရာနမ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် လူဦးရေ အနည်းဆုံးနိုင်ငံအဖြစ် ခြေစစ်ပွဲ အောင်မြင်ဖို့ လက်တစ်ကမ်းအလိုသို့ ရောက်နေပြီ ဖြစ်ပါတယ်။

ဆူရာနမ်ဟာ ကွန်ကာကပ်ဖ် ခြေစစ်ပွဲ အုပ်စု(က)မှာ ပနားမား၊ ဂွါတီမာလာ၊ အယ်ဆာဗေးဒိုးတို့ကို ကျော်ဖြတ်ပြီး အုပ်စုဗိုလ်အဖြစ် ရပ်တည်နေပါတယ်။

ဆူရာနမ်ဟာ မနေ့ညတုန်းက အယ်ဆာဗေးဒိုးကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိပြီးတဲ့နောက်မှာတော့ လာမယ့် ဂွါတီမာလာနှင့်ပွဲမှာ အနိုင်ရမယ်ဆိုရင် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာတော့မှာလည်း ဖြစ်ပါတယ်။

ဆူရာနမ်ဟာ မနေ့ညတုန်းက ပရိသတ် ၃၅၀၀ တည်းသာ ဆန့်တဲ့ Dr. Franklin Essed Stadium ကွင်းမှာ ကစားခဲ့တာ ဖြစ်ပြီး ယင်းပွဲအတွက် လက်မှတ်က မိနစ် ၃၀ အတွင်း အကုန်ရောင်းချခဲ့ရပါတယ်။

ဆူရာနမ်ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ကမ္ဘာ့ဖလားအိပ်မက်ကို နောက်ကွယ်က အသက်သွင်းပေးလာခဲ့တဲ့သူကတော့ ရီးဒင်းဘောလုံးဒါရိုက်တာဟောင်းဘရိုင်ယန်တီဗရီဒန် ဖြစ်ပါတယ်။

အသက် ၄၃ နှစ်ရှိ ဒတ်ချ်လူမျိုးတီဗရီဒန်ဟာ လွန်ခဲ့တဲ့လေးနှစ်မှ စတင်ပြီး ဆူရာနမ်အသင်းမှာ အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်လာခဲ့သူ ဖြစ်ပါတယ်။

နောက်ထပ်တစ်ဦးကတော့ နည်းပြစတန်လေမွန်ဇို ဖြစ်ပါတယ်။ ဆူရာနမ်ဖွား အေဂျက်စ်ဂိုးသမားဟောင်း ဖြစ်ပါတယ်။ သူက ယူအီးအက်ဖ်အေဖလား ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။

မွန်ဇိုဟာ ဂျိုဟန်ခရိုက်ဖ်ရဲ့ အရိပ်အောက်မှာ ရှင်သန်လာခဲ့သူ ဖြစ်ပြီး မော်ဒန်ဘောလုံးခေတ် ဂိုးသမားတွေရဲ့ ပိုင်အိုးနီးယားတစ်ဦးလည်း ဖြစ်ပါတယ်။

တကယ်တော ဆူရာနမ်က ဒတ်ချ်ဂန္ထဝင် ရုဒ်ဂူးလစ်၊ ကလဲရင့်ဆီးဒေါ့ဖ်၊ အက်ဂါဒေးဗစ်၊ လက်ရှိ အသင်းခေါင်းဆောင်ဗန်ဒိုက်တို့ရဲ့ ဆွေမျိုးတွေ ရှိရာ နိုင်ငံပါ။

ဒီအသင်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ဖီဖာလက်အောက် အသင်း ၂၀၉ သင်းရှိရာမှာ အဆင့် ၁၉၁ ပဲ ရှိခဲ့တဲ့အသင်း ဖြစ်ပါတယ်။

ဒါပေမယ့် အခုဆိုရင် ဒီအသင်းမှာ ဥရောပထိပ်သီးကလပ်တွေမှာ ကစားနေတဲ့ ကစားသမားတွေ ပိုင်ဆိုင်နေပြီလည်း ဖြစ်ပါတယ်။ ဟက်ဒါဖီးလ်ကစားသမားဟောင်းရာဒီနီယိုဘယ်ကာ၊ ယူနီယံဘာလင်နှင့် ဆိုစီဒက်ကစားသမားဟောင်းရှီရယ်ဒိုဘက်ကာတိုက ထိပ်ဆုံးက ပါဝင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုဆို နိုင်ငံငယ်လေး ဆူရာနမ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ ခြေတစ်လှမ်းတည်းပဲ လိုပါတော့တယ်။

ဆူရာနမ်ဟာ လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့ ဂွါတီမာလာနှင့် အဝေးကွင်းပွဲစဉ်မှာ အနိုင်ရလာခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားအိပ်မက်ကြီးပန်းတိုင်ဆီ အရောက်လှမ်းနိုင်တော့မှာလည်း ဖြစ်ပါတယ်။

image