ကမ္ဘောဒီးယားနယ်စပ်မှာ ထိုင်းစစ်တပ်ရဲ့ပစ်ခတ်မှု အရပ်သားတယောက်သေပြီး သုံးယောက်ဒဏ်ရာရ
ထိုင်းစစ်တပ်ဟာ နယ်စပ်မှာ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားတယောက် သေဆုံးပြီး သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တိုက်ခိုက်မှုဟာ နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဥပဒေကို ချိုးဖောက်တာလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ရှုတ်ချထားပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတခုပြုလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ထိုင်းစစ်တပ်ကတော့ ကမ္ဘောဒီးယားစစ်သားတွေရဲ့ သေနတ်ပစ်ခတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ သတိပေးပစ်ခတ်ခဲပ့တာလို့ ဆိုပါတယ်။ နှစ်နိုင်ငံဟာ ဇူလိုင်လမှာ နယ်စပ်ပဋိပက္ခတွေဖြစ်ပွားပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ အာဆီယံကြားဝင်စေ့စပ်မှုနဲ့အတူ ပြီးခဲ့တဲ့ လက ငြိမ်းချမ်းရေး သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ တနင်္လာနေ့က နယ်စပ်အနီးမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားတွေ ဒဏ်ရာရရှိပြီးနောက် ငြိမ်းချမ်းရေးသဘောတူညီချက် အကောင်အထည်ဖော်မှုကို ရပ်ဆိုင်းထားမယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားအနေနဲ့ တရားဝင်တောင်းပန်ဖို့ ထိုင်းက တောင်းဆိုထားပါတယ်။ မြေမြုပ်မိုင်းအသစ်တွေကို နယ်စပ်မှာ ထောင်ထားတယ်လို့ ထိုင်းဘက်က စွပ်စွဲထားပေမယ့် ကမ္ဘောဒီးယားကတော့ ငြင်းဆိုထားပါတယ်။
အရှေ့တောင်အာရှ အိမ်နီးချင်း ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ သူတို့ရဲ့ ၈၁၇ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ်တလျှောက်က နေရာတွေအပေါ် ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ကာလရှည်ကြာ အငြင်းပွားနေကြပါတယ်။