ကျားဖြန့် တိုက်ဖျက်ရေးအဖွဲ့ အမေရိကန်ဖွဲ့၊ DKBA ထိပ်တန်းခေါင်းဆောင်တွေကို အရေးယူပိတ်ဆို့

အရှေ့တောင်အာရှမှာ ကြီးထွားလာနေတဲ့ ကျားဖြန့်ဂိုဏ်း တိုက်ဖျက်ရေးအဖွဲ့ကို အမေရိကန်အစိုးရက ဖွဲ့စည်းလိုက်ပြီး ဆက်နွယ်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဌာနဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်နွယ်နေတာကြောင့် DKBA ခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံသားတယောက်တို့ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
အရေးယူပိတ်ဆို့စရင်းထဲမှာ DKBA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ စစ်ဦးစီးချုပ် စောစတီးလ်၊ စစ်ရေးချုပ် စောစိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် စောဆန်းအောင်နဲ့ ဗိုလ်မှူးချုပ် စိုင်းလှကျော် တို့လည်း ပါဝင်နေပါတယ်။
ဒါအပြင် အရေးယူပိတ်ဆို့မှုထဲမှာ Trans Asia International Holding Group Thailand Company ၊ Troth Star Companyနဲ့ ထိုင်းနိုင်ငံသား Chamu Sawang တို့လည်းပါဝင်ပြီး မြန်မာနိုင်ငံ လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်ရာဇဝတ်အဖွဲ့တွေအကြား ချိတ်ဆက်ပေးခဲ့ပြီး ကျားဖြန့်စင်တာတွေ တည်ဆောက်ရာမှာ အကူအညီပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ကရင်ပြည်နယ် မြ၀တီရှိ Tai Chang ဆိုတဲ့ ကျားဖြန့်စင်တာကို DKBA ဗိုလ်မှူးချုပ် စိုင်းလှကျော်ကလည်း ထိန်းချုပ်ထားပြီး ထိုင်းအခြေစိုက် Trans Asia ကုမ္ပဏီဟာ ရှေ့တရုတ်ရာဇဝတ်ဂိုဏ်းတွေအတွက် ထွက်ကုမ္ပဏီတခုအနေနဲ့ လုပ်ဆောင်ပေးနေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ဆိုပါတယ်။
ဒီကုမ္ပဏီဟာ Tai Chang ၊ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park လို ကျားဖြန့်စင်တာတွေ လည်ပတ်လုပ်ဆောင်နိုင်ဖို့ မြေငှားစာချုပ်တွေ လုပ်ဆောင်ခဲ့ပါတယ်။ DKBA တပ်ဖွဲ့တွေဟာ ကျားဖြန့်စင်တာတွေမှာ လူကုန်ကူးခံရသူတွေကို ရိုက်နှက်နှိပ်စက်နေတဲ့ ရုပ်သံမှတ်တမ်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပြီး ပြန်လည်လွတ်မြောက်လာသူတွေရဲ့ အဆိုအရ လျှပ်စစ်နဲ့‌ရှော့ခ်တိုက်တာအပါအဝင် အခြားရက်စက်ကြမ်းကြုပ်တဲ့ နည်းလမ်းတွေ သုံးခဲ့တယ်လို့ ပြောပါတယ်။
DKBA ဟာ ရရှိတဲ့ငွေတွေကို အဖွဲ့ရဲ့ တရားမဝင်လုပ်ဆောင်ချက်တွေအတွက် အသုံးပြုနေပြီး အဖွဲ့ဟာ မူးယစ်ဆေးဝါး၊ လူ၊ လက်နက်၊ တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုအပြင် ငွေကြေးခဝါချမှုတွေကို တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ဆိုပါတယ်။

image