တရုတ်နိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေး အတွေ့အကြုံ ဆွေးနွေးဖလှယ်ပွဲ ရန်ကုန်မြို့တွင် ကျင်းပ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Myanmar Blue Sky Rescue Development Council မှ ကယ်ဆယ်ရေး အတွေ့အကြုံ ဆွေးနွေးဖလှယ်ပွဲကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်၊ နံနက် ၈ နာရီခွဲအချိန်က ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း မြန်မာ - တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) မှ သိရသည်။
အဆိုပါ ဆွေးနွေးပွဲကိုကျင်းပရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပညာရှင်အဖွဲ့သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးနှင့်အဖွဲ့တို့မှ ကြိုဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော် သင်တန်းခန်းမတွင်ပြုလုပ်ခဲ့ပြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဌ ဦးတင်ဦး၊ ရွှေတိဂုံစေတီတော် အလှည့်ကျသဘာပတိ ဦးမျိုးအောင်ဌေးနှင့် အဖွဲ့ခေါင်းဆောင် Mr. Luo Wei နှင့် ကပ္ပတိန် Mr. Peng Xin Yuan တို့မှ အမှာစကားပြောကြားခဲ့သည်။
အတွေ့အကြုံ ဆွေးနွေးဖလှယ်ပွဲကို နိုဝင်ဘာလ (၁၂/၁၃) ရက်တို့တွင် တစ်ရက်လျှင် သင်တန်းသား (၆၀) ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုဝင်ဘာလ (၁၅/၁၆) ရက်တို့တွင် မန္တလေးမြို့၊ ကြင်းတော်ယန် ဗုဒ္ဓဘာသာဘုရားကျောင်းရှိ မြန်မာ-တရုတ်ချစ်ကြည်ရေး (ဗဟို) အသင်းခွဲ (မန္တလေး) တွင် သင်တန်းသား (၆၀) ဦးစီဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။