ရော်နယ်ဒင်ဟိုရဲ့သားဖြစ်နေမှုအတွက် ဖိအားမခံစားရကြောင်း ဟားလ်အကယ်ဒမီတောင်ပံကစားသမားဂျိုအာမန်ဒက်စ် ပြောကြားလာ
====================

ဟားလ်စီးတီးအကယ်ဒမီတောင်ပံကစားသမားဂျိုအာမန်ဒက်စ်က ဘရာဇီးဂန္ထဝင်ရော်နယ်ဒင်ဟိုရဲ့သား ဖြစ်နေမှုအတွက် ထပ်ဆောင်းဖိအား ခံစားရခြင်း မရှိကြောင်း ဖွင့်ဟလာပါတယ်။
အသက် ၂၀ နှစ်ရှိ တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘန်လေလူငယ်အသင်းတွင် ကျင်လည်ခဲ့ပြီးနောက် စက်တင်ဘာလတွင် တစ်နှစ်စာချုပ်ဖြင့် ဟားလ်သို့ ရောက်လာသူ ဖြစ်ပါတယ်။
သူ့ဖခင်ဖြစ်သူ ရော်နယ်ဒင်ဟိုမှာ ၂၀၀၂ ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်ဖလားနှင့် Ballon d'Or တို့ ဆွတ်ခူးခဲ့ဖူးကာ ဘောလုံးသမိုင်းတွင် အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် မန်ဒက်စ်က "ဘာဖိအားမှ မခံစားရဘူး။ ကျုပ်က ကျုပ်၊ သူက သူဆိုပြီး ခေါင်းထဲမှာ အမြဲ ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ထားတယ်။ အားလုံးက သူ့သားဆိုပြီး ကျွန်တော့်ကို မြင်နေတာက ပုံမှန်ပါ။ ဒါပေမယ့် ဒါက ကျွန်တော့်ကစားပုံကို မရိုက်ခတ်ပါဘူး။ ကျွန်တော်ကလည်း လုံးဝ ဂရုမစိုက်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး မန်ဒက်စ်က "ကျွန်တော့်မိသားစုအားလုံးက ဒါက ဆူညံသံလေးလို့ ပြောကြတယ်။ ဒါကို နားထောင်စရာမလိုဘူး။ ဘောလုံးကစားရင်း ပျော်နေဖို့ပဲ လိုတယ်"လို့ ပြောကြားသွားပါတယ်။
မန်ဒက်စ်ဟာ ဘာစီလိုနာရဲ့ La Masia အကယ်ဒမီတွင် ကျင်လည်ပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် အင်္ဂလန်သို့ ရောက်လာပါတယ်။ ၎င်းက ရော်နယ်ဒင်ဟိုရဲ့သားဖြစ်ရတာ ဂုဏ်ယူကြောင်းနှင့် ဖခင်ဖြစ်သူကို ဟားလ်သို့ ဖိတ်ခေါ်ထားကြောင်းလည်း ဆိုခဲ့ဖူးပါတယ်။
သူဟာ မွေးရပ်မြေ ဘရာဇီးတွင် ကလပ် ၅ ခုမှာ ကျင်လည်ဖူးပြီး ဖခင်ဖြစ်သူနှင့် များများစားစား နေခွင့်မရခဲ့သူလည်း ဖြစ်ပါတယ်။

image