၂၀၂၅ ရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၈၃ ဦး ပါဝင်

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်အသီးသီးအတွက် ဝင်ပြိုင်မဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်း (၁၁၈၃) ယောက်ရှိပြီး အရင်ရွေးကောက်ပွဲတွေထက် ပိုမိုများပြားခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဖြေကြားချက်အရ သိရပါတယ်။
အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြည်သူ့လွှတ်တော်အတွက် (၃၀၉)ယောက်၊ အမျိုးသား လွှတ်တော်အတွက် အယောက် (၁၉၀) နဲ့ တိုင်းဒေသကြီး လွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် အတွက် (၇၀၄)ယောက် အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အရင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတုန်းက ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း (၉၀၈) ယောက် ရှိပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းကတော့ အမျိုးသမီး လွှတ်တော် ကိုယ်စား လှယ်လောင်း (၇၉၉) ယောက် ရှိခဲ့တယ်လို့ ဖြေကြားချက်အရ သိရပါတယ်။
လာမဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲကိုတော့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လွှတ်တော် အသီးသီးအတွက် အမျိုးသား ကိုယ်စားလှယ်လောင်း (၃၇၅၂) ယောက်နဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်း (၁၁၈၃) ယောက် အတည်ပြု ကြေညာထားပြီး ဖြစ်တယ်လို့လည်း ဖြေကြားချက်မှာ ဖော်ပြထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ပါဝင်ယှဉ်ပြိုင်မှု ရရှိရေး ဆောင်ရွက် ပေးဖို့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာ မှာကြားတာတွေ ရှိပြီး အမျိုးသမီး ကိုယ်စားလှယ်တွေရဲ့ အခက်အခဲတွေနဲ့ စပ်လျဉ်းပြီး ပါတီတွေက သီးခြားတင်ပြထားတာ မရှိဘူးလို့လည်း ဖြေကြားထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကျား/မ မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားအားလုံးကို ဥပဒေအရ တန်းတူညီမျှ အခွင့်အရေး ပေးထားပြီး ဖြစ်ပေမဲ့ မိမိတို့ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံအရ ရွေးကောက်ပွဲနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ အမျိုး သမီး ပါဝင်မှု အချိုးအစား နည်းပါးတဲ့အတွက် နောင်ကျင်းပမဲ့ ရွေးကောက်ပွဲတွေမှာ အမျိုးသမီး ကိုယ်စား လှယ်လောင်း ပါဝင်မှု ပိုမိုမြင့်မားရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဖြေကြားချက်အရ သိရပါတယ်။

image