နယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှု ကမ္ဘောဒီးယားကို ထိုင်းက တောင်းပန်ခိုင်း

ထိုင်းစစ်သားတွေ ဒဏ်ရာရစေခဲ့တဲ့ နယ်စပ် မြေမြှုပ်မိုင်း ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားကို တောင်းပန်ဖို့ တောင်းဆိုလိုက်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
ကမ္ဘာဒီးယားဟာ နယ်စပ်‌ဒေသမှာ မြေမြုပ်မိုင်းအသစ်တွေ ထောင်ထားတယ်လို့ ထိုင်းက စွပ်စွဲထားပြီး ဒီဖြစ်စဉ်ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ အာဆီယံကြားဝင်ပေးထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရပ်ဆိုင်းကြောင်း ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။
ဇူလိုင်လအတွင်းက ငါးရက်ကြာ နယ်စပ်ပဋိပက္ခအတွင်း ဒုံးကျည်၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၄၈ ယောက်ထက်မနည်း သေဆုံးပြီး နှစ်ဖက်ပြည်သူ သုံးသိန်းကျော်ဟာ ယာယီနေရပ်စွန့်ခွာခဲ့ရပါတယ်။
လက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီး "ကမ္ဘောဒီးယားဘက်က တောင်းပန်မှု ထုတ်ပြန်စေချင်ပါတယ်" လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က သတင်းထောက်တွေကို ပြောပါတယ်။
"ဘာတွေဖြစ်ခဲ့လဲ၊ ဘယ်သူက တာဝန်ယူမလဲဆိုတာကို အတိအကျ ဖော်ထုတ်ဖို့ ကျွန်တော်တို့ သူတို့ကို တောင်းဆိုခဲ့ပြီး အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အနာဂတ်မှာ ဒီလိုအခြေအနေမျိုး ထပ်မဖြစ်အောင် ကာကွယ်ဖို့ အစီအမံတွေ ချမှတ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။" လို့ သူက ဆိုပါတယ်။
ကမ္ဘောဒီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူကတော့ ထိုင်းနိုင်ငံရဲ့ တောင်းဆိုချက်တွေအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ မြေမြှုပ်မိုင်းအသစ်တွေ ချထားတယ်ဆိုတဲ့ စွပ်စွဲချက်ကို ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့ပြီး သဘောတူညီချက်နဲ့အညီ ထိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုထားတယ်လို့ ပြောပါတယ်။
အရှေ့တောင်အာရှ အိမ်နီးချင်း ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ သူတို့ရဲ့ ၈၁၇ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ်တလျှောက်က နေရာတွေအပေါ် ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ကာလရှည်ကြာ အငြင်းပွားနေကြပါတယ်။

image