KK Park နယ်မြေရှိ အဆောက်အအုံ ၅၀၀ ကျော်ကို ဆက်ဖြိုမည်

အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတွေကို ကျူးလွန်ခဲ့တဲ့ ကရင်ပြည်နယ် မြဝတီ-မဲ့ထော်သလေး KK Park နယ်မြေက ကျန်ရှိနေတဲ့ အဆောက်အအုံ ၅၂၅ လုံးကို ဆက်လက် ဖြိုချ ဖျက်ဆီးသွားမှာ ဖြစ်တယ်လို့ အမျိုး သားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
KK Park နယ်မြေအတွင်းမှာ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်း လောင်းကစားမှုတွေနဲ့ ဒုစရိုက်မှုတွေ ပြုလုပ်တဲ့ ဇုန် ၃ ဇုန်ရှိပြီး အဲဒီဇုန်တွေမှာ အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးရှိကာ အဆောက်အအုံ ၁၁၀ လုံးကို ဖြိုချဖျက်ဆီး ပြီး ဖြစ်သလို ကျန်ရှိနေတဲ့ အဆောက်အအုံတွေကို ဆက်လက် ဖြိုချဖျက်ဆီး သွားမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊
အဲဒီနယ်မြေအတွင်း နယ်စပ်လမ်းကြောင်းတွေကတစ်ဆင့် တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်း လောင်းကစားမှု တွေနဲ့ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့တဲ့ ပြည်ပနိုင်ငံသား ရာခိုင်နှုန်း ၉၀ ကျော်ဟာ ထိုင်းနိုင်ငံကနေ နယ်စပ်ဖြတ် ကျော် ရောက်ရှိလာတဲ့ ဖြစ်စဉ်က အများဆုံးဖြစ်ပါတယ်။
မြဝတီ-မဲ့ထော်သလေး နယ်မြေက အွန်လိုင်း လောင်းကစားမှုတွေ၊ အွန်လိုင်းလိမ်လည်မှုတွေ ကျူးလွန်ခဲ့တဲ့ ပြည်ပ နိုင်ငံသားတွေကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနေရာမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်ကနေ နိုဝင်ဘာ ၁၁ ရက် အထိ မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား စုစုပေါင်း (၁၀၈၁၅)ယောက်ကို စစ်‌ဆေး ဖော် ထုတ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊
အဲဒီထဲက (၉၅၃၆)ယောက်ကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ လွှဲ ပြောင်း ပေးအပ်ခဲ့ပြီး ကျန်တဲ့ ပြည်ပနိုင်ငံသား (၁၂၇၉)ယောက်ကို သက်ဆိုင်ရာနိုင်ငံ‌တွေကို လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းအသုံးပြုလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု လုပ်ဆောင်နေသူတွေ၊ ပါဝင် ပတ်သက်နေသူတွေ အားလုံးကို စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်နေတဲ့အပြင် ကရင်ပြည်နယ်မှာသာမက ရှမ်းပြည်နယ် အရှေ့မြောက်ဘက်နဲ့ အရှေ့ဘက်တို့မှာလည်း နယ်မြေစစ်ဆေး ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

image