ပါကစ္စတန်မှာ တရားရုံးရှေ့ အသေခံဗုံးခွဲလို့ ၁၂ ယောက်သေပြီး ၂၇ ယောက်ဒဏ်ရာရ
ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမာဘတ်မြို့ရှိ တရားရုံးတခုအပြင်ဘက်မှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုတခုကြောင့် လူ ၁၂ ယောက် သေဆုံးပြီး ၂၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဗုံးခွဲသမားတယောက်ဟာ ခရိုင်တရားရုံးကို တိုက်ခိုက်ဖို့ စီစဉ်နေပေမယ့် အထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိဟု ပြည်ထဲရေးဝန်ကြီး မိုဆင်နာ့ဂ်ဗီက ပြောပါတယ်။ ဗုံးခွဲသမားကို ဖော်ထုတ်ဖို့ ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး ပါဝင်ပတ်သက်သူတွေကို အရေးယူမယ်လို့ သူက ပြောပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာရစ်ဖ်ကတော့ ဒီဖြစ်စဉ်မှာ အိန္ဒိယကျောထောက်နောက်ခံပေးထားတဲ့ စစ်သွေးကြွတွေပါတယ်လို့ စွပ်စွဲထားပါတယ်။ ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေလို့ အိန္ဒိယအစိုးရ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပါတယ်။
ပါကစ္စတန်တာလီဘန် (TTP) ရဲ့ ခွဲထွက်အဖွဲ့တခုဖြစ်တဲ့ ဂျူမတ်အာရ်ရာ အဖွဲ့လက်ချက်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒီအဖွဲ့ကတော့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တာမရှိဘူးလို့ငြင်းပါတယ်။ မကြာသေးမီနှစ်တွေအတွင်း အစ္စလာမာဘတ်မှာ အသေခံဗုံးခွဲမှုတွေဟာ ရှားရှားပါးပါး ဖြစ်ပါတယ်။
တိုက်ခိုက်သူဟာ ရဲကားတစီးအနီးမှာ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၃၉ မိနစ်က ဗုံးကို ဖောက်ခွဲခဲ့တာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဂိတ်၀မှာ အလောင်းနှစ်လောင်းတွေ့ရပြီး ကားတွေလည်း မီးလောင်နေခဲ့တယ်လို့ မျက်မြင်သက်သေ ရှေ့နေတယောက်က ပြောပါတယ်။
သီးခြားအနေနဲ့ နိုဝင်ဘာ ၁၀ ရက်ကလည်း အိန္ဒိယနိုင်ငံ ဒေလီမှာ ကားတစီးပေါက်ကွဲမှုဖြစ်ပြီး မီးလောင်မှုကြောင့် လူရှစ်ယောက်သေဆုံးခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှု ဟုတ်မဟုတ် တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။