4 ရက် - ဘာသာပြန်ပါ။

ပြင်ဦးလွင်မှာ ရွှေဆိုင်ဓားပြတိုက်ခံရလို့ လုံခြုံရေးဝန်ထမ်း သေဆုံး ၊ ဓားပြ တယောက်ဖမ်းမိထား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ၊ နာရီစင်အနီးရှိ “အောင်စံပယ်” စိန်ရွှေရတနာဆိုင်မှာ ဒီနေ့မနက်ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားပြီး ဆိုင်လုံခြုံရေးဝန်ထမ်းအမျိုးသား သေဆုံးခဲ့ တယ်လို့သိရပါတယ်။
ဒီကနေ့ မနက် ၈ နာရီ ၃၀ မိနစ်အချိန်လောက်မှာ ရွှေဆိုင်ဖွင့်ဖို့ ပြုလုပ်နေစဥ် သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား နှစ်ယောက် ရောက်လာပြီး သေနတ်ပြ ချိန်းခြောက်ကာ ရွှေထည်ပစ္စည်းတွေကို လုယက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဓားပြတိုက် လုယက်သူတွေထဲက တယောက်ကိုတော့ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီး ရမိခဲ့ပြီး တယောက်ကတော့ ထွက်ပြေးသွား တယ်လို့ ကနဦး သိရပါတယ်။
" လုယက်တဲ့တယောက်ကို ဆိုင်လုံခြုံရေးက ဝင်ပြီးထိုးသတ်တာမှာ သေနတ်နဲ့ပစ်ခံရပြီး သေသွားတာ လို့သိရတယ်။ အမျိုးသမီး တယောက်လည်း ဒဏ်ရာရတယ်။ တယောက်တော့မိတယ် ။ တယောက်က လွတ်သွားတယ် ။ ရွှေတွေ ဘယ်လောက်ပါလဲ ဘာညာတော့ မသိဘူး ။ " လို့ မြို့ခံကပြောပါတယ်။
ဓားပြတိုက်မှု ဖြစ်စဥ်အတွင်း သေဆုံးခဲ့တဲ့ လုံခြုံရေးဝန်ထမ်းကတော့ အသက် ၅၈ နှစ်အရွယ် ဦးစိန်ဝင်း ဆိုသူ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိမှာ အဆိုပါ အောင်စံပယ် ရွှေဆိုင် လမ်းကြောဘက်ကို ယာယီပိတ်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
" အဲဒီဘက် သွားမရသေးဘူး ။ ကြိုးတွေနဲ့ တားပြီး ပိတ်ထားတယ် ။ ရဲတွေ စစ်နေကြတုန်းပဲ ။ " လို့ နောပ်ထပ်ဒေသခံက ပြောပါတယ် ။
ရွှေဆိုင် ဓားပြတိုက်မှုမှာ လက်ရှိ ဖမ်းမိထားတဲ့ အမျိုးသားကတော့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ယာ နေထိုင်သူ ဖြစ်တယ်လို့ ကနဦး သိရပါတယ်။

image