ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည် အမျိုးသမီးကိုယ်စားလှယ်လောင်း (၁၁၈၃)ဦးရှိ
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၁၁၈၃) ဦး ရှိကြောင်း သိရသည်။
BBC သတင်းဌာန၏ မေးမြန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသူ ပြည်သူလွှတ်တော်၌ (၃၀၉)ဦး၊ အမျိုးသားလွှတ်တော်(၁၉၀)ဦးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော် (၇၀၄)ဦး ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအမည်စာရင်းတင်သွင်းသူများအနက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသည့် အမျိုးသမီးကိုယ်စားလှယ်လောင်းသည် (၁၁၈၃)ဦးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ၌ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း(၉၀၈)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၌လည်း အမျိုးသမီးကိုယ်စားလှယ်လောင်း ၇၉၉ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အမည်စာရင်းတင်သွင်းသူအားလုံးကို ကျား/မ တန်းတူ ပြဌာန်းထားသည့် ဥပဒေများအတိုင်း ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားခြင်းလည်း ဖြစ်သည်။
နိုင်ငံသားအားလုံးကို တန်းတူညီမျှအခွင့်အရေးပေးထားပြီးဖြစ်သော်လည်း ရွေးကောက်ပွဲနှင့်နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးပါဝင်မှု အချိုးအစားနည်းပါးလျက် ရှိနေသေးသဖြင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှု ပိုမိုမြင့်မာရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။