အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရတို-က်ခို-က်ပြောဆိုခြင်းများအပေါ် ဥပဒေကြောင်းအရတားမြစ် အရေးယူဆောင်ရွက်နိုင်ရေးကော်မတီကိုဖွဲ့စည်း

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးမှ အမိန့်ကြော်ငြာစာအမှတ်(၆၅/၂၀၂၅)ဖြင့် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရတို-က်ခို-က်ပြောဆိုခြင်းများအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်နိုင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သြဂုတ် ၁၄ ရက်က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ကော်မတီအား အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ကိုက်ညီမှုမရှိသည့် မဖွယ်မရာပုံများ၊ ဗီဒီယိုများနှင့် လိင်အသားပေးကိစ္စများတင်ခြင်း၊ နိုင်ငံရေးအရတို-က် ခို-က်ပြောဆိုခြင်းများကို ဥပဒေကြောင်းအရတားမြစ်နိုင်ရေး၊ ဖော်ထုတ်အရေးယူနိုင်ရေးတို့အတွက် ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီးကို ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ကော်မတီသည် အထက်ပါဖြစ်စဥ်များဖြစ်ပွားမှုမရှိစေရန် နည်းပညာကျွမ်းကျင်သည့် ပညာရှင်များပါဝင်သောအဖွဲ့ဖွဲ့စည်းပြီး ၂၄ နာရီစောင့်ကြည့်ဖော်ထုတ်ကာ တားမြစ်ခြင်း၊ ကျူးလွန်သူများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်ခြင်း၊ အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားဖော်ပြနေမှုများအတွက် အဖွဲ့ဖွဲ့စည်းပြီး တန်ပြန်ဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်ရမည်ဖြစ်သည်။
ထို့ပြင် ကျူးလွန်သူများအသုံးပြုလျက်ရှိသော ဖုန်းနံပါတ်များကို ပိတ်သိမ်းနိုင်ရေး၊ ငွေရေးကြေးရေးကိစ္စများအတွက် ၎င်းတို့အသုံးပြုလျက်ရှိသော ဘဏ်အကောင့်များ၏ အချက်အလက်များ၊ ငွေသွင်း၊ ငွေထုတ်မှတ်တမ်းများရယူခြင်းနှင့် ဘဏ်အကောင့်များ ယာယီတားဆီးခြင်း ပြုလုပ်နိုင်ရေးအတွက် ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊ ကျူးလွန်မှုများအပေါ် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများက တားမြစ်ပေးနိုင်ရေးတို့အတွက် ကန့်ကွက်စာ၊ အကြောင်းကြားစာများပေးပို့ခြင်းတို့ကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည်။
ထို့အတူ ကျူးလွန်သူများကို သက်ဆိုင်ရာဌာန/အဖွဲ့အစည်းမှ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုအရေးယူနိုင်ရေးအကြောင်းကြားခြင်း၊ ယင်း ဖြစ်စဥ်များပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရနိုင်ကြောင်းကို ပြည်သူများသိရှိစေရေး အသိပညာပေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်း၊ လိုအပ်သည့် အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများထုတ်ပြန်ခြင်း၊ လိုအပ်သည့် လုပ်ငန်းကော်မတီများ၊ အဖွဲ့များဖွဲ့စည်းခြင်းတို့ကိုလည်း ပြုလုပ်ရမည်ဖြစ်သည်။

image