ယခုနှစ် ဒီဇင်ဘာလဆန်းမှ စတင်၍ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်ကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အရှိန်ဟုန်မြှင့်ဆောင်ရွက်မည်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလဆန်းမှစတင်၍ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အသက်(၉)နှစ်မှ(၁၁)နှစ်အတွင်းရှိ ကျောင်းပြင်ပမိန်းကလေးငယ်များကို အရှိန်ဟုန်မြှင့် ဆက်လက်ထိုးနှံနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
ယမန်နေ့က ကျင်းပသည့် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းဆိုင်ရာ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအနေဖြင့်လည်း လွှမ်းခြုံမှု ၉၀ ရာခိုင်နှုန်းရရှိသည့်အထိ အောင်မြင်ခဲ့ပြီး ကျောင်းပြင်ပမိန်းကလေးငယ်များကို ဆက်လက်ထိုးနှံနိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
ထိုပြင် လာမည့် ၂၀၂၆ ဩဂုတ် နှင့် စက်တင်ဘာလတို့၌ အသက် ကိုးနှစ် မှ ၁၈ နှစ်အရွယ်ထိ မိန်းကလေးငယ်များကို အသက်ပိုင်းခြားတိုးမြှင့်၍ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်မည်လည်း ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ထိုးနှံပေးနေသည့် ကာကွယ်ဆေးကို ကမ္ဘာ့ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မိတ်ဆက်အဖွဲ့အစည်း (GAVI Alliance for Vaccines and Immunization)က ပံပိုးပေးနေပြီး နိုင်ငံတော်အစိုးရကလည်း အချိုးကျထည့်ဝင်ကာ ဝယ်ယူထိုးနှံပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံထားပါက အသက်(၁၃)နှစ်မှ (၁၉)နှစ်အတွင်း သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း (၈၃)ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ပြီး အသက်(၁၅)နှစ်မှ (၁၉)နှစ်အရွယ်ထိ ကနဦးကင်ဆာဖြစ်ပွားမှုနှုန်းကို (၃၁)ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။