ဗန်ဒိုက်ရဲ့ ဂိုး ခွင့်ပြုမခံရတဲ့အပေါ် PGMOL ထံ လီဗာပူးလ် မေးခွန်းထုတ်

လီဗာပူးလ်အသင်းဟာ မန်စီးတီးနဲ့ပွဲမှာ ချေပဂိုး
ဖြစ်စေမယ့် အသင်းခေါင်းဆောင် ဗန်ဒိုက်ရဲ့ဂိုး
ခွင့်ပြုမခံရတဲ့အပေါ် ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့အစည်း(PGMOL)ထံ ဆက်သွယ်ပြီး မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းက ၁-၀ ဂိုးနဲ့ ဦးဆောင်နေချိန် ၃၈ မိနစ်မှာ ဗန်ဒိုက်က ခေါင်းတိုက်သွင်းခဲ့တာဖြစ်တယ်။
ဒီဂိုးဟာ VAR နဲ့ ပယ်ဖျက်ခံရပြီး အသင်းဖော်
ရောဘတ်ဆန်က မန်စီးတီးဂိုးသမား ဒွန်နာရမ်မာ
ရှေ့မှာရှိနေကာ လူကျွံတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ လီဗာပူးလ်အသင်းက ဒီဂိုးမှာ လူကျွံနေတဲ့ ရောဘတ်ဆန်ရဲ့သက်ရောက်မှုက အနည်းငယ်သာရှိတယ်လို့ ယူဆခဲ့တာပါ။
လီဗာပူးလ်အနေနဲ့ ဒီဂိုးဟာ လူကျွံဘောဥပဒေ ၁၁ အရ ဂိုးအဖြစ် ခွင့်မပြုဖို့ လုံလောက်တဲ့ စံနှုန်းစံထားမှာ ရှိမနေဘူးလို့ ယုံကြည်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ အခုရှုံးပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ရှစ်နေရာ ရောက်သွားပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ ရှစ်မှတ်အထိ ကွာဟနေပါတယ်။

image