ဘီဘီစီ၏ မှတ်တမ်းရုပ်ရှင်အတွက် ဒေါ်လာ ၁ ဘီလီယံလျော်ကြေးပေးရန် တရားစွဲမည်ဟု သမ္မတထရမ့်၏ ရှေ့နေက ခြိမ်းခြောက်

ဘီဘီစီ သတင်းဌာနသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့က မစ္စတာထရမ့်ပြောကြားခဲ့သော မိန့်ခွန်းကို "မကောင်းသောသဘောဖြင့်၊ ဂုဏ်သိက္ခာညှိုးနွမ်းစေသော" တည်းဖြတ်မှုများ ပြုလုပ်ထားသည်ဟု သမ္မတထရမ့်၏ရှေ့နေကစွပ်စွဲလိုက်ပြီး၊ ယင်းမှတ်တမ်းရုပ်ရှင်အတွက် ဒေါ်လာ ၁ ဘီလီယံ လျော်ကြေးရလိုမှုဖြင့် ဘီဘီစီသတင်းဌာနအား တရားစွဲမည်ဟု တနင်္လာနေ့တွင် ခြိမ်းခြောက်ခဲ့သည်။

အဆိုပါ ဥပဒေကြောင်းအရ ခြိမ်းခြောက်မှုသည် မစ္စတာထရမ့်၏ ရှေ့နေတစ်ဦးဖြစ်သူ အလီဂျန်ဒရို ဘရီတို(Alejandro Brito) က ဘီဘီစီသတင်းဌာနထံ ပေးပို့ခဲ့သော စာမှ ဆင်းသက်လာခြင်းဖြစ်ပြီး ယင်းစာကို The New York Times သတင်းစာက ရရှိခဲ့သည်။ ယင်းစာတွင် မှတ်တမ်းရုပ်ရှင်အား အလုံးစုံ ရုပ်သိမ်းရန်၊ တောင်းပန်ရန်နှင့် "ဖြစ်ပေါ်ခဲ့သော ထိခိုက်နစ်နာမှုများအတွက် သမ္မတထရမ့်အားသင့်လျော်စွာ လျော်ကြေးပေးရန်" ရှေ့နေများက ပြောသည့်အတိုင်း ငွေကြေးပေးချေမှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။

အဆိုပါ တောင်းဆိုချက်များကို မလိုက်နာပါက "သမ္မတထရမ့်သည် ၎င်း၏ ဥပဒေအရနှင့် တရားမျှတမှုဆိုင်ရာ အခွင့်အရေးများအားလုံးကို ကျင့်သုံးရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိဘဲ၊ အနည်းဆုံး ဒေါ်လာ ၁,၀၀၀,၀၀၀,၀၀၀ (အမေရိကန်ဒေါ်လာ တစ်ဘီလီယံ) အတွက် ဥပဒေကြောင်းအရ အရေးယူမှုများ အပါအဝင် တရားစွဲဆိုမှုများပြုလုပ်သွားမည်" ဟု ယင်းစာတွင် ဖော်ပြထားသည်။

ဘီဘီစီသတင်းဌာနအနေဖြင့် သောကြာနေ့၊ အရှေ့ပိုင်းစံတော်ချိန် ညနေ ၅ နာရီ နောက်ဆုံးထား၍ အရေးယူဆောင်ရွက်ခြင်းမရှိပါက တရားစွဲဆိုမှုကို စတင်မည်ဟု ဆိုသည်။

"ဘီဘီစီကို အသိပေးထားပြီးဖြစ်ပါတယ်" ဟု စာတွင် ဖော်ပြထားပြီး "ကျေးဇူးပြု၍ လိုက်နာဆောင်ရွက်ပါ" ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

ဘီဘီစီ၏ ညွှန်ချုပ် တင်မ် ဒေဗီ(Tim Davie) နှင့် သတင်းဌာန၏ အမှုဆောင်အရာရှိချုပ် ဒက်ဘိုရာ တားနက်စ်(Deborah Turness) တို့သည် ယင်းမှတ်တမ်းရုပ်ရှင် တည်းဖြတ်မှုနှင့် ပတ်သက်၍ ဖိအားများ တိုးလာပြီးနောက် တနင်္ဂနွေနေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။

ဘီဘီစီသတင်းဌာနကလည်း ဥပဒေကြောင်းအရ အရေးယူရန် ခြိမ်းခြောက်သည့် စာတစ်စောင် လက်ခံရရှိကြောင်းနှင့် "အချိန်နှင့်တပြေးညီ တုံ့ပြန်မည်" ဟု သူတို့၏ ဝက်ဘ်ဆိုက်မှ ပြောကြားခဲ့သည်။

အဆိုပါ "Trump: A Second Chance?" ဟု အမည်ပေးထားသော မှတ်တမ်းရုပ်ရှင်ကို ပြီးခဲ့သည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီက ထုတ်လွှင့်ခဲ့ပြီးဖြစ်ကာ ဘီဘီစီသတင်းဌာန၏ အွန်လိုင်းပလေယာမှ ဖယ်ရှားပြီးဖြစ်သည်။

ဘီဘီစီသို့ တနင်္လာနေ့က ပေးပို့သော စာတွင် "ဇန်နဝါရီ ၆ ရက်နေ့ မိန့်ခွန်းမှ ဗီဒီယိုဖိုင်များကို မှတ်တမ်းရုပ်ရှင်တွင် မှားယွင်းစွာ ပေါင်းစပ်ခြင်းဖြင့် မစ္စတာထရမ့်သည် သူ၏နောက်လိုက်များအား အကြမ်းဖက်မှုများ ကျူးလွန်ရန် တိုက်တွန်းနေသည်ဟူသော အထင်အမြင်ဖြစ်‌စေရန်ဖန်တီးခဲ့သည်"ဟု သမ္မတထရမ့်၏ရှေ့နေက ပြောကြားခဲ့သည်။ ဘီဘီစီ စံနှုန်းကော်မတီ၏ အတွင်းရေးမှူးဟောင်း မိုက်ကယ် ပရက်စ်ကော့တ်(Michael Prescott) က ရေးသားခဲ့သော ပေါက်ကြားခဲ့သည့် မှတ်စုကို ယင်းစာတွင် ကိုးကားထားပြီး၊ ၎င်းမှတ်စုသည် ဘီဘီစီ၏ အခြားသော အယ်ဒီတာအဖွဲ့ထုတ်ပြန်ချက်များ၏ ကဏ္ဍများစွာနှင့်အတူ မှတ်တမ်းရုပ်ရှင်ကို တည်းဖြတ်ပုံအား အလွန်အမင်း ဝေဖန်ထားခြင်းဖြစ်သည်။

ဘီဘီစီ၏ ဥက္ကဋ္ဌ မစ္စတာ ရှာ(Mr. Shah) က တနင်္လာနေ့တွင် လွှတ်တော်ကော်မတီသို့ ပေးပို့သော စာတွင်မူ ယင်းမှတ်တမ်းရုပ်ရှင် တည်းဖြတ်မှုအတွက် တောင်းပန်ခဲ့သော်လည်း၊ မစ္စတာ ပရက်စ်ကော့တ်၏ မှတ်စုကိုမူ "ပုဂ္ဂိုလ်ရေးအကောင့်မှ ရေးသားထားခြင်း" ဖြစ်ပြီး ထုတ်လွှင့်သူမှ ဆောင်ရွက်ခဲ့သော "ဆွေးနွေးမှုများ၊ ဆုံးဖြတ်ချက်များနှင့် အရေးယူဆောင်ရွက်မှုများ၏ အပြည့်အစုံကို တင်ပြခြင်းမဟုတ်ပါ" ဟု ချေပပြောကြားခဲ့သည်။

image