ထရမ့်မိန့်ခွန်းတည်းဖြတ်မှုနှင့်ပတ်သက်ပြီး BBC ညွှန်ချုပ် နုတ်ထွက်
------------------------

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိန့်ခွန်းတစ်ခုကို အပိုင်းနှစ်ပိုင်း ဆက်ပြီးတင်ဆက်ခဲ့ရာမှာ နောက်ပိုင်းက ပြောကြားချက်ကို ရှေ့ပိုင်းထည့်ပြီး BBC က တည်းဖြတ်လိုက်တဲ့အတွက် ဒါဟာ ပရိသတ်ကို အထင်အမြင် လွဲစေတယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် BBC ရဲ့ ညွှန်ကြားရေးမှူးချုပ် Tim Davie ဟာ နိုဝင်ဘာ ၉ ရက်မှာ ရာထူးကနေ နုတ်ထွက်သွားပြီ ဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး BBC သတင်းဌာန အကြီးအကဲ (Head of News) Deborah Turness လည်း ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။ ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်တာဟာ မဲမသမာမှုကြောင့်လို့ဆိုကာ သူ့ကို ထောက်ခံသူတွေကို ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့ မိန့်ခွန်းပြောကြားခဲ့ရာ မိန့်ခွန်းအစပိုင်းမှာ ကျွန်တော်တို့ ကွန်ဂ ရက်ကို လမ်းလျှောက်သွားကြမယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ ရဲရင့်တဲ့ အထက်လွှတ်တော် အမတ်တွေနဲ့ အောက် လွှတ်တော် အမတ်တွေကို အားပေးကြမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီအပိုင်းဟာ ထောက်ခံသူတွေကို ငြိမ်းချမ်းစွာ ချီတက်ဖို့ တိုက်တွန်းတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ထရမ့်ရဲ့ မိန့်ခွန်း မိနစ် ၅၀ ကျော် အချိန်မှာတော့ ထရမ့်က (ကျွန်တော် အဲဒီမှာ ခင်ဗျားတို့နဲ့အတူ ရှိနေမယ်။ ပြီးတော့ တိုက်ပွဲ ဝင်ကြ မယ်။ အားကုန် ကြိုးစားတိုက်ပွဲဝင်ကြမယ်)လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ထရမ့်ရဲ့ မိန့်ခွန်းတစ်ခုမှာ နောက်ပိုင်းက ပြောကြားချက်ကို ရှေ့ပိုင်းထည့်ပြီး BBC က တည်းဖြတ်လိုက်တဲ့အတွက် ထရမ့်ဟာ ထောက်ခံသူတွေကို လွှတ်တော်အဆောက်အဦကို စီးနင်းဖို့ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ တိုက်ရိုက် လှုံ့ဆော်ခဲ့သလို ဖြစ်စေခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် လွှတ်တော်အဆောက်အဦ စီး နင်းမှုအတွက် ထရမ့်ရဲ့တာဝန်ရှိမှုကို သက်သေပြနိုင်တဲ့ ပုံစံမျိုး ဖန်တီးသလို ဖြစ်စေခဲ့တာပါ။

image