ကမ္ဘောဒီးယားနယ်စပ်က လက်နက်ကြီးများကို ထိုင်း ပြန်သိမ်း
--------------------------
ကမ္ဘောဒီးယားနဲ့နယ်စပ်မှာ ဖြန့်ကြက်ထားတဲ့ လက်နက်ကြီးစနစ်တွေကို ပြန်လည် ဖြုတ်ယူ သိမ်းဆည်းနေ ကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းနဲ့ကမ္ဘောဒီးယားဟာ ဇူလိုင်လကုန်ပိုင်းမှာ နယ်စပ်အငြင်းပွားမှုကို အကြောင်းပြုပြီး ၅ ရက်လောက် စစ်ဖြစ်ခဲ့ တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့လမှာတော့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး(အာဆီယံ) ထိပ်သီးအစည်းအဝေးကို တက်ရောက်ရင်း နှစ်နိုင်ငံခေါင်းဆောင်တွေက ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။
အဲဒီစာချုပ်အရ နှစ်ဖက်စလုံးဟာ စစ်ကာလအတွင်း နယ်စပ်မှာ ဖြန့်ကြက်ခဲ့တဲ့ လက်နက်ကြီးတွေကို ဖြုတ်ယူ သိမ်းဆည်းပေးရမှာ ဖြစ်သလို နယ်စပ်မှာ မိုင်းရှင်းလင်းရေးတွေလုပ်ဖို့လည်း သဘောတူထားခဲ့ပါတယ်။
ထိုင်းသတင်းဌာန The Nation ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ထိုင်းစစ်တပ်ဟာ ဆီဆာကတ်နဲ့ ဆူရင် ရှေ့တန်း စစ်မြေပြင်တွေမှာ ဖြန့်ကြက်ထားတဲ့ SR4 အတွဲလိုက်ပစ် ဒုံးကျည်စနစ်(MLRS) လေးခုကို ပြန်လည်ဖြုတ်ယူ သိမ်းဆည်းပြီး နတ်ခွန် ရတ်ချာဆီမာမှာ ရှိနေတဲ့ ပြုပြင်ထိန်းသိမ်းရေး စစ်စခန်းဆီ ပို့ဆောင် ထားတယ်လို့ သိရပါတယ်။