မော်လမြိုင်မှာ အမျိုးသားသုံးယောက် ပစ်ခတ်ခံရလို့ နှစ်ယောက်​သေဆုံးကာ တယောက်ဒဏ်ရာရ

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းနဲ့ မဟာမြိုင်ရပ် ၉ လမ်းထိပ်မှာ နိုဝင်ဘာ ၉ ရက်နေ့ည ၁၁ နာရီလောက်က အမျိုးသား သုံးယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး နှစ်ယောက်သေဆုံးကာ တယောက်ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရသူ အမျိုးသားသုံးယောက်ဟာ မဟာမြိုင်ရပ် ၉ လမ်းထိပ်မှာ ဖွင့်ထားတဲ့ " မြင်သူလန်း "မိတ်ကပ် နဲ့ ဆံပင်ပြုပြင်ရေး ဆိုင်ကို ပြန်လာချိန် ဆိုင်ရှေ့အရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ကြောင်း ပစ်ခတ်ခံရသူတွေက LGBT တွေ ဖြစ် တယ်လို့သိရပါတယ် ။
" အသတ်ခံရတဲ့ အထဲက ကိုတင်ကိုကိုဦး ဆိုတာက မြင်သူလန်း ဆိုင်ပိုင်ရှင်ပါ ။သူက ဆိုင်ရှေ့မှာ အသတ်ခံထားရတယ်။ နောက်ထပ်ပစ်ခံရတဲ့ နှစ်ယောက်က သူ့ သူငယ်ချင်းတွေထဲက မနီလို့ ခေါ်တဲ့တယောက်က အိမ်နှစ်အိမ်ကြားမှာ အသတ်ခံထားရတယ်။ နောက်တယောက် ကိုဇွဲဝေယံ ဆိုတာကတော့ မသေဘူး ။ဒဏ်ရာတွေနဲ့ လဲနေလို့ ဆေးရုံပို့ထားကြတယ် ။ဘယ်လိုကြောင့် သတ်သွားလဲတော့ သေချာမသိဘူး။ အသက်ရှင်တဲ့ ဇွဲဝေယံ ပြောတာတော့ သူတို့သုံးယောက် ပွဲစျေးကပြန်လာချိန် ဆိုင်ကယ်တစီး နောက်ကလိုက်လာပြီး ဆိုင်ရှေ့မှာ သေနတ်နဲ့ ပစ်ခံရတာလို့ သိရတယ် ။" လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ် ။
သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ညကတည်းက မော်လမြိုင် ဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရသူကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပေးနေတယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာမှာ 9mm ပစ္စတိုကျည်ခွံ လေးခုကို ရဲတပ်ဖွဲ့မှာ ရှာဖွေသိမ်းဆည်း ရမိခဲ့ပြီး လူသတ်မှု ကျုးလွန်သူတွေ ကို ဖမ်းဆီးရမိရေး လုပ်ဆောင်နေပေမယ့် လတ်တလောမှာ တော့ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
လူသတ်မှု ဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့အတွက် VOM မှ မော်လမြိုင်မြို့မရဲစခန်းကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး ။
စက်တင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ် ၊ ​လမိုင်းမြို့ပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးဆိုသူတို့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး အုပ်ချုပ် ရေးမှူး သေဆုံးကာ ရာအိမ်မှူး ထိခိုက်ဒဏ်ရာ ရရှိခဲ့မှု ဖြစ်ပွားခဲ့တယ် လို့သိရပါတယ်။
စက်တင်ဘာ ၁၄ ရက် နေ့ကလည်း ရေးမြို့နယ်ရှိ အံဒင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ရှိန် နဲ့ ရာအိမ်မှူး ဦးသောင်းစိန်ဆိုသူတို့ နေအိမ်မှာပဲ ပစ်သတ်ခံခဲ့ရပါတယ်။

image