ရွှေဘိုနဲ့ ဝက်လက်မှာ စစ်ရေးတင်းမာနေလို့ ရွာပေါင်း ၂၀ နီးပါး တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းအတွင်းက ရွှေဘိုနဲ့ ဝက်လက်မြို့တွေမှာ စစ်ရေးဘအခြေအနေ တင်းမာနေတဲ့အတွက် ကျေးရွာပေါင်း ၂၀ နီးပါး စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
ရွှေဘိုနဲ့ ဝက်လက်မြို့နယ် အတွင်းက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး အစိုးရတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် ဒေသတွင်း လက်နက်ကိုင် တပ်တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေရတာလို့ သိရပါတယ်။
“လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရော၊ ဖမ်းဆီးခံရတာတွေရော ရှိတယ်။ ရွာတွေမှာ နေအိမ် ပျက်စီးသွားတာတွေလည်း မနည်းဘူး။ နှစ်ဖက်တပ်ဖွဲ့ချင်း တိုက်ပွဲတွေလည်း ခဏခဏဖြစ်တယ်။ လူထိခိုက်၊ သေဆုံးရတာတွေပါ ရှိလာတော့ တိုက်ပွဲ ဧရိယာဝန်းကျင်က ဒေသခံတွေအကုန် ရှောင်ကြရတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
အစိုးရတပ်ဟာ ရွှေဘိုနယ်ထဲက ရွှေဘို - မန္တလေး လမ်းပိုင်းကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာဖြစ်ပြီး ဝက်လက်နဲ့ ရွှေဘိုဘက်ကို စစ်ကြောင်း သုံးကြောင်း ခွဲ ဝင်ရောက်လာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ စစ်ရေး အခြေအနေကြောင့် ရွှေဘိုမြို့နယ်အတွင်းက ဇီးတော၊ တဂဏန်း၊ နှောပင်၊ ဘုန်းဘွတ်၊ သနပ်ချောင်၊ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး အစရှိတဲ့ ကျေးရွာတွေအပြင် ဝက်လက်မြို့နယ် (အနောက်ခြမ်း) က ရွာသာကြီး၊ ထုံးဘို၊ တံတားဦး၊ တမာကုန်း၊ ရွာတော်ကုန်း၊ ဥတည်ကုန်း၊ အုပ်ဖိုကုန်း၊ ကျီးကန်၊ လှတော၊ လှည်းဦးကြီးကုန်း၊ နှမ်းကြီးကုန်း၊ ရွှေဒါး၊ ရင်းမတော၊ ကိုကို့စု စတဲ့ ကျေးရွာတွေ စစ်ဘေး တိမ်းရှောင်နေရကြတယ်လို့ သိရပါတယ်။
“စစ်ရှောင်က နှစ်မြို့နယ်ပေါင်းဆို ခန့်မှန်းခြေ သောင်းနဲ့ချီ ရှိနိုင်တယ်။ ‌ဘေးကင်းမယ်ထင်တဲ့ နေရာတွေမှာ ရှောင်နေကြတာပါ။ လတ်တလောကတော့ သူတို့ရဲ့ လုံခြုံရေး အခြေအနေအရ နေရာအတိအကျ‌ကိုတော့ နောက်မှ ပြောပါ့မယ်။ သူတို့အတွက် လောလောဆယ် အရေးတကြီး လိုအပ်နေတာ ဆိုရင်တော့ စားစရာပါ။ စားစရာ လုံးဝ မရှိတဲ့ အခြေအနေပါ” လို့ အဲဒီ စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ ရွှေဘိုခရိုင်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့နဲ့ ရွှေဘို - မန္တလေးလမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးပမ်းလျက်ရှိပြီး ဒီအတွက် ရွေဘိုနဲ့ ဝက်လက်နယ် ရွာသာကြီးရွာကြီး လမ်းပိုင်းကို ဝိုင်းဝန်းပိတ်ဆို့ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် လက်နက်ကိုင် တပ်တွေဘက်ကလည်း အစိုးရတပ်တွေ အထိုင်ချ တပ်စွဲထားတဲ့ နေရာတွေနဲ့ စစ်ကြောင်းတွေကို ဒရုန်းအသုံးပြု လိုက်လံ တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေသလို မြေပြင်ကနေလည်း တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်၊ မနက်အစောပိုင်းဖြစ်တဲ့ ၂ နာရီခွဲဝန်းကျင်ကလည်း ရွှေဘိုမြို့နယ်၊ ဘုံးဘွက်ရွာမှာ အခြေပြုနေတဲ့ အစိုးရစစ်ကြောင်းဟာ ဝက်လက်မြို့နယ်၊ လှတောကျေးရွာကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရင်း ဝင်ရောက်လာတာကြောင့် အခြေအနေ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

image