မတ္တရာ ၊သပိတ်ကျင်း နဲ့ စဉ့်ကူးမြို့နယ်တွေ စစ်ရှောင်တိုးလာနေပြီး စားနပ်ရိက္ခာ လိုအပ်နေ

မန္တလေးတိုင်းထဲက မတ္တရာ ၊သပိတ်ကျင်း နဲ့ စဥ့်ကူးမြို့နယ်တွေမှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ အကြား တိုက်ပွဲပြင်းထန် နေတာကြောင့် စစ်ဘေးရှောင်နေရတဲ့ သောင်းချီရှိတဲ့ ဒေသခံပြည်သူ တွေအတွက် စားနပ်ရိက္ခာတွေ လိုအပ် နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူ တွေဆီကသိရပါတယ်။
စစ်ရှောင်တွေအတွက် အဓိကလိုအပ်နေတာက ဆန် နဲ့ ဆီ ဖြစ်ကြောင်း ၊ လက်ရှိ စစ်ရေးအခြေအနေ အရ စစ်ရှောင်တွေ ထပ်တိုးလာနိုင်တဲ့ အတွက်လည်း စားနပ်ရိက္ခာက ပိုပြီး အရေးတကြီး လိုအပ်လာနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
" ဆန် နဲ့ ဆီ အဓိကလိုတယ်။ စစ်ရှောင်ရတဲ့ ကာလကြာတာနဲ့အမျှ လိုအပ်ချက်က ပိုကြီးလာတာပေါ့။ အခုဆို တိုက်ပွဲက ပိုပြီးပြင်းထန်လာမယ့် အခြေအနေရှိနေတယ် ။ မန္တလေး pdf ဘက်ကလည်း စာထုတ်တယ် ဆိုတော့ တိုက်ပွဲ ပိုပြင်းထန်လာရင် စစ်ရှောင်တွေ ထပ်တိုးမယ်။ " လို့ စစ်ရှောင်အရေး ကူညီနေသူ တယောက်က ပြောပါတယ် ။
အဆိုပါ မြို့နယ်သုံးခုက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ်ထဲမှာ ပါဝင်တဲ့အတွက် အစိုးရတပ်တွေက ရွေးကောက်ပွဲ ကာလမတိုင်မီ မြို့နယ်အားလုံးကို အပြည့်အဝ ပြန်လည်ထိန်းချုပ် နိုင်ရေးအတွက် မြေပြင်စစ်ကြောင်း ၊လေကြောင်း ၊ ဒရုန်း အသုံးပြုပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ် လို့သိရပါတယ်။
ဒါကြောင့် မတ္တရာ ၊သပိတ်ကျင်း ၊ စဥ့်ကူးမြို့နယ်တွေထဲက ဒေသတွင်း လက်နက်ကိုင်အဖွဲ့ စိုးမိုးရာ နေရာတွေမှာ တိုက်ပွဲပိုပြီး ပြင်းထန်လာနိုင်တဲ့ အတွက် စစ်ရှောင်အရေအတွက် ထပ်တိုးလာ နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေး pdf အဖွဲ့ကတော့ မတ္တရာ ၊သပိတ်ကျင်း ၊ စဥ့်ကူးမြို့နယ် တွေမှာ တိုက်ပွဲက တရက်ထက် တရက်ပိုပြီး ပြင်းထန်လာနေတဲ့ အတွက် ဒေသတွင်း နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ တိုက်ပွဲအတွင်း ကြုံတွေ့ရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခြင်း ၊ ဘေးအန္တရာယ်ကင်းရေးအတွက် လိုအပ်တဲ့ အစီအမံတွေ လုပ်ထားကြဖို့ ဒီနေ့ နေ့စွဲနဲ့ ထုတ်ပြန်အသိ ပေးထားတာ တွေ့ရပါတယ်။
" အခုထိတော့ စစ်မရှောင်ကြ သေးဘူး ။ ရှိသေးတယ် ။ ဘေးကင်းအစီအမံကတော့ ဗုံးခိုကျင်း ရှိမယ်။ အစားအစာတွေ ကြိုတင်စုထားပေါ့ ။ ဒီလောက်ပါပဲ ။ အဖေနဲ့အမေက အိမ်ကနေ ဘယ်မှ မရှောင်ဘူးဆိုတော့ ခက်နေတာ ။ ကျွန်တော်တို့က လေကြောင်း နဲ့ လက်နက်ကြီးပဲ ကြောက်တာ ။ အရင်ရက်ကတောင် စဥ့်ကူး လေကြောင်းကြဲသွားသေးတယ် လေ။ " လို့ ဒေသခံက ပြောပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့က စဥ့်ကူးမြို့နယ် ၊ညောင်ကုန်းရွာနဲ့ ရွှေပြည်ကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် ခံရပြီး သုံးယောက် သေဆုံးကာ ခြောက်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
လက်ရှိမှာ ဒေသတွင်းလက်နက်ကိုင် တပ်တွေက မတ္တရာမြို့နယ်မှ ကျေးရွာအချို့ နဲ့ စဥ့်ကူးမြို့ နယ်ထဲက ရွှေပြည် ၊ လက်ပန်လှ ၊နွယ်ရုံ ၊ ကျည်တောက်ပေါက် ၊ချောင်းကြီး ၊ ဇရပ်ကွင်း စတဲ့ ရွာတွေကို နယ်မြေစိုးမိုးထားပြီး သပိတ်ကျင်းမြို့နယ်ထဲက ကျေးရွာအချို့ကို စိုးမိုးမှုရှိ ထားတယ်လို့ သိရပါတယ်။
အစိုးရတပ်တွေကတော့ လက်ရှိမှာ သပိတ်ကျင်းမြို့မှ ဖော့တောလမ်းဆုံအထိကို ပြန်လည်ထိန်းချုပ်ထားပြီး မတ္တရာမြို့နဲ့ ကျေးရွာအချို့ ကိုထိန်းချုပ်ထားပါတယ်။ သပိတ်ကျင်း ၊ စဥ့်ကူး ၊ မတ္တရာ မြို့နယ်အားလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အတွက် တိုက်ခိုက်နေတာဖြစ်ပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့ တွေကလည်း ရရှိထားတဲ့ ဒေသတွေကို လက်မလွှတ်ရရေး ခုခံကာကွယ် တိုက်ခိုက်နေကြတာဖြစ်တယ် လို့သိရပါတယ်။
စဥ့်ကူးမြို့ကိုလည်း အစိုးရတပ်တွေက ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ အပြည့်အဝ ပြန်လည် ထိန်းချုပ်လိုက် ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် VOM မှ အတည်မပြုနိုင်သေးပါဘူး ။

image