ဗန်းမော်က ခလရ ၄၇ တပ်ရင်းနားမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ အစိုးရတပ်တွေနဲ့ KIA တပ်အကြား မြေပြင်ထိတွေ့ တိုက်ပွဲတွေ ပြင်းထန် ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အစိုးရတပ်က ဗန်းမော်မြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး အတွက် မြေပြင်စစ်ကြောင်း အပြင် လေကြောင်းကနေပါ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး KIA ကလည်း ရရှိထားတဲ့ နယ်မြေတွေကို လက်မလွှတ်ရရေး အတွက် အပြင်းအထန် ခုခံကာကွယ် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲက ပြင်းထန်နေတာ ဖြစ်တယ်လို့ စစ်ရေးသတင်း ရင်းမြစ်ဆီက သိရပါတယ်။

လက်ရှိမှာ ဗန်းမော်မြို့ ခလရ ၄၇ တပ်ရင်းအနီး တဝိုက် လမ်းတလျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ဗန်းမော်တက္ကသိုလ် ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားမှု ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

" တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ် ။ ဘယ်ဘက်ကမှ နောက်ဆုတ်တာ မျိုးမရှိသေးဘူး ။ စစ်တပ်က လည်းမြို့ကို ပြန်ရဖို့ အင်းအား အများအပြားသုံးပြီး ထိုးစစ်ဆင်နေတယ် ။ KIA ကလည်း ခုထိတောင့်ခံနေတဲ့ သဘောရှိတယ် ။တဖက်မှာလည်း တရုတ်က KIA ကို ဖိအားပေးတာမျိုးရှိတယ် လို့သတင်းက ထွက်နေတော့ အခြေအနေက ခန့်မှန်းရခက်တယ်။ " လို့ စစ်ရေးသတင်း လေ့လာသုံးသပ်သူ ကပြောပါတယ်။

လက်ရှိ ဗန်းမော်မြို့ကို စွန့်ခွာသွားသူအများအပြားရှိသလို မြို့ထဲမှာပဲ အဆင်ပြေသလို နေထိုင်နေကြတဲ့ ဒေသခံအချို့လည်း ကျန်ရှိနေကြောင်း ၊ တဖက်မှာကလည်း လက်နက်ကိုင် အဖွဲ့အစည်းတွေ နေရာယူထားတာဖြစ်ပြီး တိုက်ပွဲကြောင့် ဗန်းမော်မြို့တမြို့လုံးနီးပါး ပျက်စီးမှု ရှိထားတယ်လို့ သိရပါတယ်။

ဒါအပြင် စစ်ဘေးရှောင် ပြည်သူတွေရဲ့ နေအိမ်တွေလည်း ဖောက်ထွင်းခံရပြီး အိမ်ရှိ ပစ္စည်းတွေ ခိုးယူခံနေရသလို အိမ်မှာတပ်ဆင်ထားတဲ့ တံခါးကိုပင် ဖြုတ်ယူ ခိုးတဲ့အထိ ရှိနေတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ဗန်းမော်မြို့တမြို့လုံးနီးပါး ပျက်စီးသွား ပေမယ့်လည်းလည်း ဒေသခံ တွေကတော့ နယ်မြေအေးချမ်း သွားပါက ဇာတိမြေကိုသာ ပြန်လည် နေထိုင်လိုကြ ကြောင်းပြောဆိုပါတယ်။

" မတတ်သာလို့စစ်ရှောင် ရပေမယ့် ကိုယ့်မြို့ကိုပဲ ပြန်ချင်တာပေါ့ ။မြို့ကတော့ မြို့ပျက်ကြီး ဖြစ်နေပါပြီ ။ ဒါပေမယ့်လည်း အေးချမ်းရင် ပြန်မှာပါ ။စစ်ရှောင်တွေရဲ့ မျှော်လင့်ချက်က တနေ့ အိမ်ပြန်ရဖို့ပါပဲ ။ " လို့ မန္တလေးရောက် ဗန်းမော်ဒေသခံ စစ်ရှောင်ပြည်သူ တယောက်က ပြောပါတယ်။

လက်ရှိမှာ ဗန်းမော်မြို့ကနေ စစ်ဘေးရှောင်သွား သူ အများစုဟာ မန္တလေး နဲ့ ပြင်ဦးလွင်မှာ ရောက်ရှိနေကြပြီး အကူအညီ အထောက်အပံ့တွေ လိုအပ်နေ တယ်လို့ သိရပါတယ်

ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်မှစပြီး အစိုးရတပ်နဲ့ KIA အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ခုဆိုရင် တိုက်ပွဲကာလမှာ ၁၁ လကျော်အထိ ကြာမြင့်မှုရှိနေပြီ ဖြစ်ပါတယ်။

အဆိုပါ တိုက်ပွဲကာလအတွင်းမှာ အစိုးရတပ်က ဗန်းမော်မြို့ရှိ နယ်မြေခံတပ် ဌာနချုပ်လေးခု၊ တပ်စခန်းတခုနဲ့ လေဆိပ် ၊နောင်ခိုရပ်ကွက် ၊မင်းလှရပ်ကွက်၊ ပင်စင်ကုန်းရပ်ကွက် ၊ ညောင်ပင်ရပ်ကွက်၊ ခွန်သာရပ်ကွက်၊ ပင်စည်ရပ်ကွက် ၊နမ့်ဖားကျေးရွာစခန်း တွေကို စက်တင်ဘာလမှာ ပြန်လည်ထိန်းချုပ် နိုင်ခဲ့တယ်လို့ သတင်းထုတ် ပြန်မှုအရ သိရ ပါတယ်။

image