နိုင်ငံတကာပွဲမတိုင်မီ စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်လာတဲ့ အင်တာမီလန်
===================

အင်တာမီလန်ဟာ လူသာရိုမာတီနက်ဇ်၊ အန်ဂျီယိုအန်ဘွန်နီတို့ရဲ့ ဂိုးတွေနဲ့ လာဇီယိုကို သက်တောင့်သက်သာဖြင့် အနိုင်ယူကာ စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းလာပါတယ်။
အင်တာမီလန်ဟာ ပွဲအစ ၃ မိနစ်မှာပင် ဘာစတိုနီရဲ့ ဖန်တီးမှုကနေ မာတီနက်ဇ်က ညာထောင့်သို့ ကန်သွင်းမှုကနေ ဦးဆောင်ဂိုး စောစောစီးစီး ရရှိခဲ့ပါတယ်။
ယင်းနောက် ပွဲချိန် ၆၁ မိနစ်တွင် ဘွန်နီက ဖီဒီရီကိုဒီမာကိုရဲ့ အနိမ့်ဘော ဖြတ်တင်ဘောကို အနီးကပ်ပိတ်သွင်းကာ ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။
မိနစ်အနည်းငယ်အကြာမှာ အင်တာမီလန်ဟာ ဇီလန်စကီးရဲ့ ဂိုးဖြင့် တတိယဂိုး ရရှိခဲ့ပေမယ့် VAR က ကစားကွက်တည်ဆောက်စဉ် ဒီမာကို လက်ထိဘောဖြစ်တယ်ဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။
လာဇီယိုတို့ ချေပဂိုးတစ်ဂိုးရရှိဖို့ နီးစပ်ခဲ့ပေမယ့်လည်း အိုလီဗာပရိုစတီဂတ်ရဲ့ ခေါင်းတိုက်ချက် ဘားထိသွားလို့ နစ်နာခဲ့ရပါတယ်။
အင်တာမီလန်ဟာ လာဇီယိုနိုင်ပွဲကြောင့် ပွဲစဉ် ၁၁ အပြီး ရမှတ် ၂၄ မှတ်ဖြင့် ရိုးမားနှင့် တူညီနေပေမယ့်လည်း ဂိုးကွာခြားချက်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်လာနိုင်ပါတယ်။

image