ကလောမှာ ဖြိုးရတနာအောင် ခရီးသည်တင်ကား တိမ်းမှောက်လို့ ကလေးအပါ သုံးယောက် သေပြီး ၁၄ ယောက်ဒဏ်ရာရ

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနဲ့ မကွေ ကျေးရွာကြား ၊ မိုင်တိုင်အမှတ် (၅၆/၆)မှာ ဒီနေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်က ခရီးသည်တင် ကားတစီး တိမ်းမှောက်ပြီး လူသုံးယောက်သေဆုံးကာ ၁၄ ယောက်ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ ကလောမြို့နယ် မီးသတ်ဦးစီးဌာနမှသိရပါတယ်။
ခရီးသည်ကားက ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ၊ သေဆုံးသူသုံးယောက်မှာ အမျိုးသမီး နှစ်ယောက်နဲ့ ကလးငယ်တယောက်တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိ သူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေ ရှိနေတယ်လို့သိရပါတယ်။
" သေတဲ့အထဲက ကလေးလေးက ယောကျ်ားလေးပါ။အသက် ၇ နှစ် ၊ ၈ နှစ်အရွယ်လောက်ပါ ။ ဒဏ်ရာရတဲ့ အထဲမှာ စိုးရိမ်ရတာက သုံးယောက်လောက်ရှိမယ် ။ " လို့ မြို့နယ် မီးသတ်ဦးစီးအရာရှိက ပြောပါတယ် ။
တိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင်ကားက တောင်ကြီး - မန္တလေး ပြေးဆွဲနေတဲ့ ဖြိုးရတနာအောင် ခရီးသည်တင်ယာဥ်လိုင်းဖြစ်ကြောင်း ၊ လက်ရှိမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ် ။
သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အားလုံးကို ကလောဆေးရုံ ပို့ဆောင်ထားပြ ဆေးဝါးကုသမှု ပေးနေပြီး နေရပ်လိပ်စာတွေကိုတော့ မသိရှိရသေးဘူး လို့သိရပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့ ၊ ညနေပိုင်းကလည်းရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံမြို့နယ် ၊ ကျိုင်းတုံ - တောင်ကြီးလမ်းရှိ စပါယ်ရှယ်တောင် အဆင်းမှာ ကားတစီး တိမ်းမှောက်ပြီး လူနှစ်ယောက်သေဆုံးကာ ခုနှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

image