1 ရက် - ဘာသာပြန်ပါ။

ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများအား ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် ဒေါက်တာချာလီသန်းပြော

ယခုဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများကို ပြီးစီးအောင် ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။

ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိစဉ် စက်ရုံအစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ၊ စက်ရုံမှူး၊ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တို့မှ အရာထမ်း၊ အမှုထမ်းများ၊ စက်ရုံတည်ဆောက်ရေး စီမံကိန်းအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ နှစ်အလိုက်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ပြန်လည်သုံးသပ်ပြီး အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများအား ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် လိုအပ်သော ဆက်စပ်ပစ္စည်းများအား ကြိုတင်ဝယ်ယူစုဆောင်းထားရှိရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့နောက် စက်ရုံ၌ စစ်ဆေးပြုပြင်ပြီးဖြစ်သည့် စက်ပစ္စည်းများကိုလည်း စမ်းသပ်မောင်းနှင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းများကို အစဉ်အမြဲဆောင်ရွက်ရန်နှင့် စက်မှုလုပ်ငန်းများကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ကိုလည်း ပြောကြားခဲ့သည်။

ထို့ပြင် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဝန်ထမ်းများ၊ မိသားစုဝင်များ အားလုံးမဲပေးနိုင်ရေးကိုလည်း စီမံဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

image