ဆေးရုံတိုင်းတွင် ဆရာဝန်ရှိစေရေးအတွက် တိုက်နယ်ဆေးရုံများအထိ ဆရာဝန်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆေးရုံတိုင်းတွင် ဆရာဝန်ရှိစေရေးအတွက် တိုက်နယ်ဆေးရုံများအထိ ဆရာဝန်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကပြောသည်။
ယမန်နေ့က ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ပြုလုပ်သည့် အစည်းဝေး၌ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးကဏ္ဍကို အထူးအလေးပေးဆောင်ရွက်လျက်ရှိပြီး ပြည်သူ့ဆေးရုံများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် အထူးရန်ပုံငွေများချထားပေးရာ တာဝန်ရှိသူများအနေဖြင့် ပြည်သူများ အားကိုးအားထားရာ ဆေးရုံများဖြစ်လာစေရန် ဆေးရုံဥပဓိရုပ်လှပရေး၊ သပ်ရပ်သန့်ရှင်းစေရေး၊ ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထိုပြင် နိုင်ငံတော်အစိုးရအနေဖြင့် ဝန်ထမ်းအိမ်ရာလိုအပ်ချက်၊ ဆေးနှင့် ဆေးပစ္စည်း လိုအပ်ချက်များကို ဖြည့်ဆည်းကာ ပြည်သူများ အားကိုးယုံကြည်ရသည့် ပြည်သူ့ဆေးရုံများ ဖြစ်စေရေးအတွက် လူနာများ အရေးပေါ်လူနာဌာနသို့ ရောက်ရှိချိန်မှစတင်ကာ ပြည်သူများ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ဆေးကုသမှုရရှိနိုင်ရေးတို့ကိုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါအစည်းအဝေးကို အွန်လိုင်းမှ Virtual စနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်းဖြစ်သည်။