အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ သွားရောက်မည်ဟု ထရမ့်က ပြောကြားပြီး 'သူဟာ ကျွန်တော့် မိတ်ဆွေတစ်ဦးပါ' ဟုလည်းဆို
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ အိန္ဒိယသို့သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်၊၊ ၎င်းသည် နှစ်နိုင်ငံကုန်သွယ်ရေး အငြင်းပွားမှုတွင် ပြေလည်မှုရနိုင်သည့် လက္ခဏာတစ်ခုလည်း ဖြစ်သည်။
"သူက ကျုပ်ရဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်ပါ၊ ကျုပ်တို့ စကားပြောကြပါတယ်။ သူက ကျုပ်ကို အဲဒီကို လာဖို့ တောင်းဆိုထားတာမို့ ကျုပ်တို့ စီစဉ်ပြီး သွားမယ်" ဟု ထရမ့်က ကြာသပတေးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး မိုဒီကို "ခမ်းနားတဲ့ ပုဂ္ဂိုလ်" ဟုလည်း ချီးကျူးခဲ့သည်။
သူ၏ အိန္ဒိယခရီးစဉ်အတွက် အချိန်ဇယားကို ထရမ့်က အတိအကျ မပြောကြားခဲ့သော်လည်း လာမည့်နှစ် "ဖြစ်နိုင်သည်" ဟု ပြောကြားခဲ့သည်။