အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ကို သတိပေးလာတဲ့ ပွဲတစ်ထောင်ပြည့်လာမယ့် ဂွါဒီယိုလာ
=======================

မန်စီတီးနည်းပြပက်ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ပွဲ ၁၀ အပြီးတွင် ၆ မှတ်ဖြတ်ထားတဲ့ ဦးဆောင်သူ အာဆင်နယ်အား သတိပေးမှု ပြုလုပ်လာပါတယ်။

ဂွါဒီယိုလာဦးဆောင်တဲ့ မန်စီးတီးဟာ လာမယ့် တနင်္ဂနွေနေ့မှာ ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးနှင့် ရင်ဆိုင်ကစားလာရမှာ ဖြစ်ပြီး ဇယားထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမှတ် ပိုမိုကွာဟလာနိုင်ပါသေးတယ်။

လာမယ့် လီဗာပူးနှင့်ပွဲစဉ်မှာ ၂၀၀၇ ခုနှစ်တွင် နည်းပြဘဝစတင်ခဲ့တဲ့ ဂွါဒီယိုလာအတွက် ပွဲတစ်ထောင်ပြည့်လာမယ့်ပွဲလည်း ဖြစ်ပါတယ်။

အာတီတာဦးဆောင်တဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲ ၁၀ အပြီးတွင် ရမှတ် ၄ မှတ်တည်းသာ ဆုံးရှုံးထားရပြီး ၂၀၂၂-၂၃ ရာသီနောက်ပိုင်း အကောင်းဆုံးတာထွက်နှင့် ကြုံနေရပါတယ်။

မန်စီးတီးဟာ ယခင်တုန်းက ဧပြီလတွင် အာဆင်နယ်အား အီတီဟတ်ကွင်းမှာ ၄-၁ ဖြင့် အနိုင်ယူကာ ၁ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ဖူးပါတယ်။ ၎င်းတို့ဟာ လာမယ့် ဧပြီလ ၁၈ ရက်နေ့တွင် အီတီဟတ်ကွင်းမှာ အာဆင်နယ်ကို ဧည့်ခံကစားလာရပါဦးမယ်။

ဂွါဒီယိုလာက "ကျွန်တော်တို့ အစွမ်းကုန်လုပ်ဆောင်နိုင်တာက ကိုယ့်ပွဲအနိုင်ယူပြီး အနီးကပ်ဆုံးဖြစ်နေဖို့ပါ။ သူတို့(အာဆင်နယ်) ဒီကို လာကစားရပါဦးမယ်။ နောက်ဆုံး နှစ်နှစ် သုံးနှစ်မှာ ကလပ်တစ်ခု အသင်းတစ်ခု တည်ဆောက်တယ်၊ ထိပ်ဆုံးသို့ ရောက်လာတယ်။ သူတို့ လုပ်ဆောင်ထားနိုင်တာ အရမ်းကောင်းတယ်။ နှစ်ရာသီ သို့မဟုတ် သုံးရာသီ လုပ်ပြထားပြီးပြီ။ ဒါပေမယ့် အခုမှ နိုဝင်ဘာပဲ ရှိပါသေးတယ်။ နိုဝင်ဘာအစောပိုင်းမှာ ဘယ်အသင်းမှ ချန်ပီယံမဖြစ်ပါဘူး"လို့ ပြောကြားသွားပါတယ်။

ဂွါဒီယိုလာဟာ လီဗာပူးနှင့်ပွဲတွင် နည်းပြဘဝ ပွဲတစ်ထောင်ပြည့်လာမှာ ဖြစ်ပါတယ်။ သူဟာ စပိန်၊ ဂျာမနီနှင့် အင်္ဂလန်တို့တွင် အမှတ်ပေးဖလား ၁၂ ကြိမ်၊ ချန်ပီယံလိဂ် ၃ ကြိမ်အပါအဝင် ဆုဖလား အကြိမ် ၄၀ ဆွတ်ခူးထားနိုင်ပါတယ်။

image