PDF အဖွဲ့များ ခေတ္တစိုးမိုးထားသည့် မတ္တရာမြို့နယ် ဆည်တော်ကြီး ရေလှောင်တမံနှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့
PDF အဖွဲ့များ ခေတ္တစိုးမိုးထားသည့် မတ္တရာမြို့နယ် ဆည်တော်ကြီး ရေလှောင်တမံနှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် PDF များ ခေတ္တထိန်းချုပ်ထားသော ဆည်တော်ကြီးကျေးရွာ အပါအဝင် ဆည်တော်ကြီးရေလှောင်တမံနှင့် နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံတို့အား ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် ပြန်လည်ရရှိရေးအတွက် စီမံချက်များ အဆင့်ဆင့်ရေးဆွဲပြီး စစ်ကြောင်းများခွဲ၍ ချေမှုန်းခဲ့ရာ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် ဖယောင်းတောင်သတ္တုတွင်း ဒေသတစ်ဝိုက်အားလည်းကောင်း၊ ဩဂုတ် ၂၈ ရက်တွင် အယ်လ်ဖာဘိလပ်မြေစက်ရုံအားလည်းကောင်း ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများအနေဖြင့် ထိခိုက်ကျဆုံးမှုများစွာဖြင့် မတ္တရာဒေသ မြောက်ဘက်ခြမ်းသို့ ဆုတ်ခွာသွားကြောင်း သိရသည်။
ထို့ပြင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်မှစတင်၍ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးအား ဆက်လက်ဆောင်ရွက်ခဲ့ရာ တပ်မတော်အနေဖြင့် ဆည်တော်ကြီး ရေလှောင်တမံ၏ အရှေ့ဘက် သပြေဒိုးဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ သံဘိုဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ ဆည်တော်ကြီးရေလှောင်တမံ၏ တောင်ဘက် အယ်လ်ဖာဘိလပ်မြေစက်ရုံအနီးရှိ စခန်းသာ-ကြာပင်- သန်းကုန်းဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ စခန်းသာ-သဖန်း ကိုင်း-တံတားကုန်းဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ ဆည်တော်ကြီးရေလှောင်တမံ၏ အနောက်တောင်ဘက်မှ အထောက်အကူပြုစစ်ကြောင်း တစ်ကြောင်း စသည့် စစ်ကြောင်းငါးကြောင်းဖြင့် တိုက်စစ်ဆင်ခဲ့ကြောင်း သိရသည်။
PDF များအနေဖြင့်လည်း ၎င်းတို့ ခေတ္တထိန်းချုပ်ထားသည့် မြို့၊ ရွာများ၊ ရေလှောင်တမံတို့အား လက်မလွှတ်ရရေး ပြည်သူလူထု၏ လူနေအိမ် အဆောက်အဦများ၊ ဆည်တော်ကြီးဆည်၏ ရေထိန်းတံခါးများ၊ ရေလွှဲဆည်များကို အကာအကွယ် ရယူ၍လည်းကောင်း၊ ရေထိန်းတမံနှင့် ပတ်ဝန်းကျင်တွင် ကွန်ကရစ်ဘန်ကာများ၊ မြေခွေးကျင်းများနှင့် ဆက်သွယ်ရေးမြောင်းများကို တည်ဆောက်၍လည်းကောင်း အခိုင်အမာခံစစ်ဆင် ပြန်လည်ခုခံခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်းတွင် ဆည်တော်ကြီး ရေလှောင်တမံနှင့် နယ်မြေခံတပ်ဌာနချုပ်၊ ပတ်ဝန်းကျင်အားလုံးကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ဆင်ရေးကာလ ၁၉ ရက်အတွင်း သောင်းကျန်းသူများနှင့် တိုက်ပွဲကြီးငယ် ၄၂ ကြိမ် ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများထံမှ အလောင်း ၁၄ လောင်း၊ လက်နက်မျိုးစုံ ၆၀ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်အတွက် အသက်ပေးခဲ့ရကြောင်း သိရသည်။