မာန်တတ်နေသော ချေးပိုးထိုး

ဒီပုံပြင်လေးဟာ ၅၅၀ နိပါတ်တော်ထဲက ပုံပြင်လေးတပုဒ်လို့ ဆိုရပါလိမ့်မယ် ။ တခါတုန်းက အင်္ဂတိုင်းနဲ့ မဂဓတိုင်းတို့ ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးတခု ရှိခဲ့တယ် ။ ကုန်သည်အပေါင်းတို့ဟာ အဲဒီလမ်းမကြီး တလျှောက် ကူးချည်ပြန်ချည် သွားလာကြတယ်။

တနေ့မှာတော့ အင်္ဂတိုင်းက ကုန်သည်တစုဟာ လမ်းမကြီး တနေရာမှာ စခန်းချကြပြီး ချက်ပြုတ် စားသောက်ကြတယ်။ အဲဒီနောက်မှာလည်း ပါလာတဲ့ သေရေသေရက်တွေကို မူးယစ် သောက်စားကြ ပြန်တယ်။ အဲဒီနောက်မှာ လမ်းဘေးနေရာ အသီးသီးမှာ တပိုတပါး သွားကြပြန်တယ်။ အဲဒီနောက်မှာတော့ ကုန်သည်တွေဟာ သူတို့သွားလိုတဲ့ ခရီးကို ဆက်လက် ထွက်ခွာသွားကြတယ်။

အဲဒီလို ကုန်သည်တွေ ထွက်ခွာ အသွားမှာတော့ ချေးပိုးထိုး တကောင်ဟာ မစင်ပုံတခု ကနေ ထွက်လာတယ်။ ကုန်သည်တွေရဲ့ စားကြွင်း စားကျန်တွေကို စားသောက်တယ်။ အဲဒီနောက်မှာလည်း ကုန်သည်တွေ ဖိတ်စင် ကျန်ရစ်တဲ့ သေရေအရက်တွေ ကိုလည်း သောက်သုံးပြန်တယ်။

အဲဒီလို သေရေသောက်ပြီးတဲ့ အခါမှာလည်း ချေးပိုးထိုးဟာ သေရေ မူးယစ်လာတယ်။ သူ့ကိုယ်သူ စကြာဝတေး မင်းလို ဘုန်းတန်ခိုး ကြီးပြီး ဆင်ပြောင်ကြီးထက် သန်မာသူ အဖြစ် ထင်မြင်လာတယ်။ အဲဒီလို အရက်မူးနေတဲ့ ချေးပိုးထိုးဟာ သူနေထိုင်တဲ့ မစင်ပုံကို ပြန်သွားတယ်။ အဲဒီအခါ သူခြေနင်းလိုက် တိုင်းမှာ မစင်ပုံက ပျော့အိပြီး ဝင်သွားတယ် ။

အဲဒီအခါ ချေးပိုးထိုးက " ငါကဲ့သို့သော ဘုန်းတံခိုး ကြီးမားလှတဲ့ ဘုရင်မင်းမြတ်ရဲ့ ခြေနင်းတာကိုတောင် တောင့်မခံနိုင်တဲ့ မစင်ပုံပဲ " လို့ ပြောပြီး တကိုယ်တည်း မစင်ပုံနဲ့ ရန်ဖြစ်နေခဲ့ ပြန်တယ် ။ အဲဒီအခိုက်မှာပဲ အနီးက တောအုပ်ထဲမှာနေတဲ့ စွယ်စုံ ဆင်ပြောင်ကြီး တကောင်ဟာ ချေးပိုးထိုး ရန်ဖြစ်နေတဲ့ မစင်ပုံကို နင်းမိမှာ စိုးတာကြောင့် ခွကျော်သွားခဲ့တယ် ။

ဆင်ပြောင်ကြီးက သူ့လမ်းသူသွာတာ ဖြစ်ပေမယ့် သေရည်ကြောင့် မာန်တက်နေတဲ့ ချေးပိုးထိုးက ဆင်ပြောင်ကြီးကို လှမ်းပြီး တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်တယ်။

" သေးငယ် သိမ်ဖျင်းလှတဲ့ ဆင်ယုတ်၊ ငါကဲ့သို့သော ဘုန်းတံခိုး ကြီးမားလှသူကို မထေမဲ့မြင် ပြုသလော။ သင့်ဝံ့စားပါက ငါနှင့် ယခုပင် စစ်ခင်းလော့၊ သိင်္ဂနှင့် မဂဓတိုင်း နှစ်ပြည်ထောင်သည် ငါ၏ ဘုန်းတံခိုးကြောင့် စိစိညက်ညက် ကြေစေအံ့၊ သင်အားလည်း ယခုပင် မချိမဆံ့ အသက် ထွက်စေအံ့ " လို့ ကြွေးကျော် လိုက်တယ်။

အဲဒီလို ချေးပိုးထိုးရဲ့ မတန်မရာ စကားသံကို ကြားတဲ့အခါ ဆင်ပြောင်ကြီးက ပြန်လှည့်လာတယ်။ ပြီးတော့ ဒီလိုပြောခဲ့တယ် " သေးကွေးလှတဲ့ ချေးပိုးထိုး၊ သင်သည် ကိုယ့်အခြေအနေ၊ ကိုယ့်အနေအထားကို မှန်ကန်စွာ မသုံးသပ်နိုင် သူသာ ဖြစ်တယ်။ ကျွန်ုပ်အနေဖြင့် သင်ကဲ့သို့ သေးနုပ် သိမ်ဖျင်းသူကို ယှဉ်ပြိုင် စစ်ထိုးစရာပင် မလိုအပ်..

ကျွန်ုပ်၏ ခြေလက်တို့ကိုမျှ အသုံးမပြုဘဲ သင့်အား အလွယ်တကူပင် သတ်ဖြတ်နိုင်၏။ ယခုပင်လျင် သင့်အား သတ်ဖြတ်အံ့ " ဆိုပြီတော့ ဆင်ပြောင်ကြီးဟာ အဲဒီလိုပြောဆိုပြီး ချေးပိုးထိုးပေါ်ကို မစင် စွန့်ချ လိုက်တယ်။ အဲဒီ အခိုက်တန့် မှာတော့ ချေးပိုးထိုးဟာ ဆင်ပြောင်ကြီးရဲ့ မစင်ပုံ ပိပြီး မချိမဆန့် အသက်ထွက်သွား ခဲ့လေတယ် ။

ကျနော်တို့ ကျင်လည်ရာ လူ့လောကကြီးမှာလည်း ချေးပိုးထိုးလို လူစားတွေ ရှိနေကြတယ်။ တချို့သော လူတွေက အကြွင်းအကျန်မျှကို စားသောက်ပြီး သေရေသောက်စား မူးယစ်ကာ မာန်ထောင်နေသလို အသိဉာဏ် နည်းပါးသူ၊ သိမ်ဖျင်းသော စိတ်ဓါတ်ရှိသူတွေ ဟာလည်း အရိုးအရင်းမျှ ကိုက်ရရုံမျှ၊ အဖျားအနားမျှ အခွင့်အရေး ရရုံမျှနဲ့ လောကတခွင်မှာ သူနဲ့ ယှဉ်ပြိုင်ဝံ့သူ မရှိလို့ ထင်နေတတ်ကြတယ်။

သူတို့တွေဟာ ချေးပိုးထိုးရဲ့ မာန်တက်ခြင်းနဲ့ တူတဲ့ အကြောင်းအရာ မယ်မယ်ရရ မရှိလှတဲ့ မာန်မာနတွေ ထားနေတတ် ကြပြီး အရာရာကို မကောင်းမြင် တတ်ကြတယ် ။ ပြီးတော့ ကန့်လန့် တိုက်နေလေ့ ရှိကြပြန်တယ် ။ မစင်ပုံမှာ နေထိုင်ရတဲ့ ချေးပိုးထိုးမျှ ဖြစ်ရုံ အနေအထားကိုသော်မှ ဘဝအမှန်ကို မမြင်နိုင်ဘဲ တလောကလုံးကို တကိုယ်တည်း ချေမှုန်း ဖျက်ဆီးနိုင်သူ အဖြစ် ကိုယ့်ကိုယ်ကို အထင်ရောက် စိတ်ကြီးဝင်နေကြလေ့ ရှိနေတတ် ကြတယ် ။

တကယ်၍ ကိုယ့်အခြေအနေ၊ ကိုယ့်အသိဉာဏ်၊ ကိုယ့်အရည်အချင်းနဲ့ မနှိုင်းယှဉ်သာအောင် ကွာခြားတဲ့သူတွေကို ဝေဖန်ပြောဆိုလေ့၊ တိုက်ခိုက်ချင်လေ့၊ မကောင်းပြောလေ့၊ စိန်ခေါ်ရန်ထောင်လေ့ ရှိခဲ့ပါရင် ဒီပုံပြင်လေးထဲက ချေးပိုးထိုးကို စံနမူနာယူပြီး ဆင်ခြင်တတ်ပါစေ လို့ ဆန္ဒပြုရင် အဆုံးသတ်ပါရစေ။

image