စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး အနည်းငယ်တက်
ယခု နိုဝင်ဘာ (၇) ရက် မှ နိုဝင်ဘာ (၁၃) ရက်အထိ တစ်ပတ်တာကာလအတွင်း ရောင်းချရမည့်စားအုန်းဆီ ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင်ကျပ် (၆၄၁၀) ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလတွင်း အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာကျပ် (၆၅၈၅) ကျပ်ရှိခဲ့သည်။နိုဝင်ဘာလ ပထမအပတ်တွင်မူ တစ်ပိဿာလျှင် ကျပ် (၆၄၀၀) ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် (၆၄၁၀) သတ်မှတ်ထားသဖြင့် ရည်ညွှန်းစျေးအနည်းငယ်ဈေးတက်ခဲ့ခြင်းဖြစ်သည်။
စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။
ပြည်ပမှစာအုန်းဆီကို ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးထိန်းကျောင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။