အိမ်ရာ (၄) ခုမှအခန်းဝယ်ယူခွင့်ရရှိသူ (၂၁၈) ဦးအား ယာယီနေထိုင်ခွင့်ထုတ်ပေးမည်

သီလဝါဥယျာဉ်အိမ်ရာ၊ ယုဇနအိမ်ရာအပိုင်း(၃)၊ ကျန်စစ်မင်းအိမ်ရာအပိုင်း(၁)နှင့် ရိုးမရိပ်သာအိမ်ရာတို့မှအခန်းများအား ချေးငွေဖြင့်ဝယ်ယူခွင့်ရရှိသူ (၂၁၈) ဦး အားယာယီနေထိုင်ခွင့်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါ အခန်းများကို အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းအစီအစဉ်ဖြင့် ဇွန် ၂၇ ရက်က ရောင်းချခဲ့ခြင်းဖြစ်ကာ ဝယ်ယူခွင့်ရရှိသူများသည် ချေးငွေနှင့်ပတ်သက်သောလုပ်ငန်းများကို CHID Bank ၌ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယာယီနေထိုင်ခွင့်အကြောင်းကြားစာများကို နိုဝင်ဘာ ၆ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ရုံးချိန်အတွင်း ရန်ကုန်တိုင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (အမှတ်၂၂၈/၂၃၄ ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်)တွင်ဆောင်ရွက်ပေးလျက်ရှိ၍ ထုတ်ယူမည့်သူများအနေဖြင့် ကိုယ်တိုင်ထုတ်ယူပါက မှတ်ပုံတင်မူရင်း/မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ကိုယ်စားထုတ်ယူပါက ကိုယ်စားလှယ်လွှဲစာမူရင်း၊ ကာယကံရှင်နှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်း/မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတို့ကိုတင်ပြထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အခန်းသော့ထုတ်ပေးခြင်းနှင့် အခန်းအပ်နှံခြင်းအား သီလဝါဥယျာဉ်အိမ်ရာ၏ အခန်း (၅၆) ခန်းအတွက် နိုဝင်ဘာ ၁၇ ရက်၊ ယုဇနအိမ်ရာအပိုင်း (၃) ၏ အခန်း (၃၄) ခန်းအတွက် နိုဝင်ဘာ ၁၈ ရက်၊ ကျန်စစ်မင်းအိမ်ရာအပိုင်း (၁) ၏ အခန်း (၅၀) အတွက် နိုဝင်ဘာ ၁၉ ရက်၊ ရိုးမရိပ်သာအိမ်ရာ၏ အခန်း (၇၈) ခန်းအတွက် နိုဝင်ဘာ ၂၀ ရက်တို့တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဝယ်ယူခွင့်ရရှိသူများအနေဖြင့် သက်ဆိုင်ရာအိမ်ရာများ၌ ယာယီနေထိုင်ခွင့်အကြောင်းကြားစာမူရင်းနှင့်အတူလာရောက်လက်ခံရမည်ဖြစ်ကြောင်း သိရသည်။

image