အင်းတော် မမုံကိုင်မှာ ရွှေတူးဖော်မှုတွေ များလာလို့ လယ်ယာလုပ်ငန်း အခက်အခဲ ဖြစ်လာ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်အနီး မမုန်ကိုင်ရွာဘက်မှာ ရွှေတူးဖော်မှုတွေ ပိုမိုများပြား ဆိုးဝါးလာလို့ လယ်ယာလုပ်ငန်း အခက်အခဲ ဖြစ်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"မမုန်ကိုင်မှာ ရွှေတူးဖော်မှု ဆိုးဝါးလာလို့ လယ်ယာမြေလုပ်ဖို့ အခက်အခဲတွေ ကြုံနေရတယ်" လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မမုန်ကိုင်ဘက်က ရှမ်းနီနဲ့ စစ်တပ် ထိန်းချုပ်မှု အောက်မှာဖြစ်ပြီး ဘက်ဟိုး ရာချီနဲ့ တူးနေကာ ဘက်ဟိုး တစီးကို တလ ၁၅ သိန်း စစ်တပ်နဲ့ ရှမ်းနီတွေကို လိုင်းကြေးပေးရတယ်လို့က ပြောပါတယ်။
"အင်းအတွက်ပါ စိုးရိမ်စရာ ဖြစ်လာပြီ။ လယ်လုပ်ရတာ အရှုံးတွေပေါ် နေတော့ လယ်ပိုင်ရှင်တွေ ကိုယ်တိုင်က လယ်ကွက်တွေ မတန်တဆ စျေးကောင်းရလို့ ရောင်းကြတာ မျိုးတွေရှိနေတယ်" လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
မမုန်ကိုင် ရွာတောင်ဘက်ပိုင်းက တချို့လယ်တွေလည်း ရွှေတူးနေကြတာ တွေ့ရပြီး ကြာရင် ရွာပါ ပျက်နိုင်တယ်လို့ သူက ပြောပါတယ်။
အဲဒီ မမုန်ကိုက်ရွာဘက် လွန်ခဲ့တဲ့ လေးနှစ်ခန့်ကတည်းက တရားမဝင် ရွှေတူးဖော်မှုတွေ များလာတာဖြစ်ပြီး မိုင်းနောင်၊ မမုံကိုင် ကြားမှာ ကတ္တရာလမ်းဘေးမှာကို ဆိုးဆိုးဝါးဝါး တူးတာတွေကြောင့် လမ်းပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အင်းတော်ကြီး ဒေသက မမုံကိုင်ရွာ အပြင် လုံးတုံ၊ မိုင်းနောင်၊ နမ့်ပတဲ ရွာတွေ အနီးမှာ တရားမဝင် ရွှေတူးဖော်လို့ တောင်သူတွေရဲ့ လယ်မြေတွေနဲ့ သဘာဝပတ်ဝန်းကျင် တောတောင်တွေ ပျက်စီးတိမ်ကောနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ကလည်း မမုံကိုင်ရွာ ဘောလုံးကွင်း၊ သာသနိကပိုင် မြေနေရာတွေ နဲ့ နေရာအများအပြားမှာ တရားမဝင် ရွှေတူးဖော်တာ တွေကို ဒေသခံတွေ ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။