အေသင်တွင် ဂိုဏ်းအကြမ်းဖက်မှုကို လှုံ့ဆော်မှုဖြင့် ရုံးတင် စစ်ဆေးဆေးခြင်းခံလာရတဲ့ ဖောရက်စ်ပိုင်ရှင်
=====================

နော်တင်ဟမ်ဖောရက်စ်ပိုင်ရှင်အီဗန်ဂျီလို့စ်မာရီနာကစ်ဟာ ဘောလုံးအကြမ်းဖက်မှုဖြစ်လာအောင် လှုံ့ဆော်မှု၊ ဒုစရိုက်အဖွဲ့အစည်းကို အားပေးထောက်ပံ့မှုဖြင့် အေသင်တွင် ရုံးတင် စစ်ဆေးခြင်းခံလာရပါတယ်။

အသက် ၅၈ နှစ်ရှိ ဂရိစီးပွားရေးလုပ်ငန်းရှင်ဟာ ဂရိကလပ် အိုလံပီယာကို့စ်ကိုလည်း ပိုင်ဆိုင်သူ ဖြစ်ပြီး အခြားဘုတ်အဖွဲ့ဝင် လေးဦးတို့နှင့်အတူ ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဒုစရိုက်အုပ်စုတစ်ခုအား ထောက်ခံအားပေးမှု၊ အာဏာပိုင်များကို ဆန့်ကျင်တဲ့ ထုတ်ပြန်ချက် ပြုလုပ်ကာ ဘောလုံးအကြမ်းဖက်မှုဖြစ်လာအောင် လှုံ့ဆော်မှုတို့ဖြင့် စွပ်စွဲခြင်းခံထားရပါတယ်။
ရှေ့နေ ဗစ်ဆီလစ်ဒီမာကိုပူလို့စ်ကို ငှားရမ်းထားတဲ့ မာရီနာကစ်နှင့် ဘုတ်အဖွဲ့တို့က ယင်းစွပ်စွဲမှုများမှာ အခြေအမြစ်မရှိဟုဆိုကာ ငြင်းဆိုထားကြပါတယ်။

ဂရိအာဏာပိုင်တို့ဟာ ဒုစရိုက်ဂိုဏ်းဝင်လို့ စွပ်စွဲခြင်းခံထားရတဲ့ ဘောလုံးပရိသတ် ၁၄၂ ဦးတို့အား အားကစားပွဲများတွင် အသက်အန္တရာယ်ရှိနိုင်တဲ့အထိ အကြမ်းဖက်မှုဖြင့် စွဲချက်တင်ခြင်းခံထားရပါတယ်။ ဒါ့အပြင် ယင်းအထဲမှ ၇ ဦးတို့မှာ ရာဇဝတ်ဂိုဏ်းများကို ဦးဆောင်မှုဖြင့် စွဲချက်တင်ခံထားရပါတယ်။ ဒါပေမယ့် ၎င်းတို့အားလုံးကတော့ စွပ်စွဲမှုများကို ငြင်းဆိုထားပါတယ်။

ယင်းစွဲချက်မှာ ၂၀၂၃ ခုနှစ်တုန်းက အိုလံပီယာကို့စ်နှင့် ပါနာသီနိုင်ကို့စ်တို့ရဲ့ အမျိုးသမီးဘော်လီဘောပွဲအပြင်ဘက်တွင် အသက် ၃၁ နှစ် အရွယ်ရှိ အဓိကရုဏ်းထိန်းရဲ ဂျော့လင်ဂီရီဒက်စ် သေဆုံးသွားမှုနှင့် ဆက်စပ်နေတာပါ။

လင်ဂီရီဒက်စ်ဟာ ယင်းပရိသတ်နှစ်ခုအကြား ရန်ပွဲတွင် မီးရှူးထိမှန်ပြီးနောက် ရက်သတ္တပတ်အတန်ကြာတွင် သေဆုံးသွားခဲ့ပါတယ်။

ယခု ရုံးတင်စစ်ဆေးမုမှာ လအတန်ကြာဦးမယ်လို့ ယူဆရပြီး သက်သေအဖြစ် လူပေါင်း ၂၀၀ ကျော်တို့ကိုလည်း စစ်ဆေးလာပါဦးမယ်။

နောက်ထပ် စစ်ဆေးကြားနာမှုကို လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်လာပါဦးမယ်။

image