ဇနီးဟောင်းကို ကလေးထောက်ပံ့စရိတ် တစ်လ ပေါင် ၆၇၀ မပေးလို့ ထောင်ကျခံရမယ့်အရေးနှင့် ရင်ဆိုင်နေရတဲ့ တချိန်က ပရီးမီးယားလိဂ်ဘောလုံးလူဆိုး
====================

လီဗာပူးတိုက်စစ်မှူးဟောင်းအယ်ဟာဂျီဒီယော့ဖ်ဟာ မိသားစုကို စွန့်ပစ်ထားမှုအတွက် ထောင်ဒဏ်ကျခံရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။

သူဟာ ဇနီးဟောင်းကို ကလေးပြုစုပျိုးထောင်စရိတ် ပေါင် ၁၄၀၀၀ မပေးမှုအတွက် စွပ်စွဲခြင်းခံနေရတာလည်း ဖြစ်ပါတယ်။
ကစားသမားဘဝမှ အနားယူထားပြီးဖြစ်တဲ့ အသက် ၄၄ နှစ်ရှိ ဒီယော့ဖ်ဟာ ဆီနီဂေါနိုင်ငံရဲ့ မြို့တော်ဒါကာတွင် အင်္ဂါနေ့တုန်းက တရားရုံးကြားနာမှုသို့ တက်ရောက်ရန် ပျက်ကွက်ခဲ့ပါတယ်။

သူဟာ ၂၀၂၃ ခုနှစ်တုန်းက ဇနီးသည်ဗာလီရီဘစ်ရှော့နှင့် လမ်းခွဲခဲ့ပါတယ်။ ထိုစဉ်တုန်းက ဒီယော့ဖ်ဟာ အသက် ၁၇ နှစ်အရွယ်ရှိ သမီးဖြစ်သူ ကေလာအတွက် ကျောင်းစရိတ်နှင့် ဆေးစရိတ် တစ်လလျှင် ပေါင် ၆၇၀ ပေးရန် ကတိပြုခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီယော့ဖ်ဟာ ပြီးခဲ့တဲ့မတ်လမှ စတင်ကာ ကလေးထောက်ပံ့စရိတ်ပေးရန် ပျက်ကွယ်လာခဲ့ပြီးနောက် ဇနီးဟောင်းက ရရန် ရှိတဲ့ ပေါင် ၁၄၀၀၀ အား တရားရုံးမှ တဆင့် တောင်းဆိုလာတာလည်း ဖြစ်ပါတယ်။

ဆီနီဂေါတွင် တင်းကြပ်တဲ့ ဥပဒေအရ ဥပဒေအပုဒ် ၃၅၁ အရ ကလေးထောက်ပံ့စရိတ် မပေးလျှင် ထောင်ဒဏ်ချမှတ်နိုင်ပါတယ်။

ဒီယော့ဖ်ဟာ လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့ ဒါကာရှိ တရားမရုံးတွင် ထပ်မံ စစ်ဆေးခြင်းခံရပါဦးမယ်။

လီဗာပူးဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့တဲ့ ဒီယော့ဖ်ကို လန်းစ်မှ ပေါင် ၁၀ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။

သူဟာ လီဗာပူးတွင် သုံးရာသီကစားစဉ်အတွင်း ပွဲ ၈၀ ကစားခဲ့ရာမှာ ၆ ဂိုးတည်းသာ သွင်းနိုင်ခဲ့ပေမယ့် ၂၀၀၃ ခုနှစ် လိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ ၂၀၀၅ ခုနှစ်တွင် ဘော်လ်တန်သို့ ထွက်ခွာသွားပြီးနောက် ဆန်းဒါးလန်း၊ ဘလက်ဘန်း၊ ရိန်းဂျား၊ ဒွန်ကက်စတာ၊ လိဒ်တို့တွင် ကစားခဲ့ပြီး မလေးရှားတွင် ကစားသမားဘဝ အဆုံးသတ်ခဲ့ပါတယ်။

သူဟာ ပရီးမီးယားလိဂ်တွင် ကစားစဉ်အတွင်း ပြိုင်ဘက်ကစားသမားများကို တံတွေးဖြင့် ထွေးမှု အကြိမ်ကြိမ်ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။

image