တချိန်တုန်းက အီတလီရဲ့ နာမည်ကြီး ကာတီနာချီယိုစနစ်ကို အကောင်းဆုံးကစားသွားတဲ့ ဖရန့်ဖတ်ကို နာပိုလီနည်းပြကွန်တီ ချီးကျူးလာ
======================
နာပိုလီဟာ ဗုဒ္ဓဟူးနေ့ညတုန်းက Stadio Diego Armando Maradona ကွင်းတွင် ဖရန့်ဖတ်နှင့် ဂိုးမရှိသရေကျကာ စိတ်ပျက်စရာ ချန်ပီယံလိဂ်ညတစ်ည ထပ်မံ ကြုံတွေ့ခဲ့ရပြန်ပါတယ်။
နာပိုလီဟာ ဖရန့်ဖတ်နှင့်သရေကျမှုကြောင့် ချန်ပီယံလိဂ်တွင် ၄ ပွဲကစားပြီးချိန်မှာ ရမှတ် ၄ မှတ်ဖြင့် အဆင့် ၂၄ နေရာမှာ ရပ်တည်ခဲ့ရပါတယ်။
နာပိုလီဟာ ယခင်ပွဲစဉ်တုန်းက ပီအက်စ်ဗွီကို ၆-၂ ဖြင့် ရှုံးနိမ့်မှုမှ ပြန်လည်ရုန်းထရန် ရည်မှန်းထားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားခဲ့ရပေမယ့်လည်း ဖရန့်ဖတ်ရဲ့ စနစ်ကျလွန်းလှတဲ့ ခံစစ်ကစားဟန်ကြောင့် အိမ်ကွင်း ၂ ပွဲဆက် သရေကျခဲ့ရပါတယ်။
ကွန်တီရဲ့ နာပိုလီဟာ ပွဲစတင်ကတည်းက ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကွင်းလယ်တွင် ဘောလုံးအပေးအယူလုပ်ကာ ဖရန့်ဖတ်ခံစစ်ပွင့်လာမှာကို စောင့်ဆိုင်းနေခဲ့ရပါတယ်။ ဒါပေမယ့် ဧည့်သည်ဖရန့်ဖတ်က ခံစစ်ကိုသာ အထိုင်ချကစားသွားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ရရှိသည်နှင့် တန်ပြန်တိုက်စစ်ဖြင့် ဂိုးရရှိရန် ချောင်းကစားခဲ့ပါတယ်။
ပွဲအပြီးတွင် နာပိုလီနည်းပြကွန်တီက တချိန်တွင် အီတလီအသင်းရဲ့ နာမည်ကျော်ကြားတဲ့ ခံစစ်ပိတ်ကစားပြီး တန်ပြန်တိုက်စစ်ဖြင့် ကစားတဲ့ ကာတီနာချီယိုစနစ်ကို ကောင်းကောင်း အသုံးချသွားတဲ့ ဖရန့်ဖတ်ကို အထင်တကြီး ချီးကျူးသွားပါတယ်။
ကွန်တီက "သူတို့က အီတလီစတိုင် ကာတီနာချီယိုစနစ်ကို ဘယ်လို ကစားရမလဲဆိုတာ ကောင်းကောင်း သင်ကြားထားကြတယ်။ တကယ်လို့ ကျုပ်တို့သာ ဂျာမနီမှာသာ ဒီလိုပွဲတစ်ပွဲ ကစားရင် ခေတ်ဟောင်းဘောလုံးစနစ်နဲ့ ကစားတယ်လို့ အပြောခံရမှာ သေချာတယ်"လို့ ပြောကြားသွားပါတယ်။
ကာတီနာချီယိုစနစ်မှာ ကျစ်လစ်တဲ့ ခံစစ်အသားပေးစနစ်ဖြင့် ကစားတဲ့ စနစ်ဖြစ်ပြီး လျှင်မြန်မှုကို အသားပေးကာ ဘောလုံးပိုင်ဆိုင်မှု ရရှိသည်နှင့် Long Ball အသုံးပြုကာ တန်ပြန်တိုက်စစ်ကစားတဲ့ စနစ် ဖြစ်ပါတယ်။
ယင်းကစားကွက်တွင် ကစားသမားများမှာ ခံစစ်တည်ဆောက်မှုပုံစံကို အထူးနားလည်ထားရန် လိုအပ်ပြီး အကန့်အသတ်ဖြင့် ထိန်းချုပ်ကစားရရာ စိတ်ပိုင်းဆိုင်ရာသန်မာရန်လည်း လိုအပ်ပါတယ်။