နိုင်ငံခြားသား အလုပ်သမား ၅၀ နီးပါးကို နှင်ထုတ်မယ့် အခြေအနေကြောင့် ဘာစီလိုနာအသင်းကို နူးကမ့်ကွင်းအလုပ်သမားများ ဆန္ဒပြလာ
===========================
ဘာစီလိုနာဟာ နူးကမ့်ကွင်းအား ပြန်လည်ဖွင့်လှစ်ခြင်း မပြုလုပ်ရသေးမီမှာဘဲ နိုင်ငံခြားသား အလုပ်သမား ၅၀ နီးပါးကို ပြည်နှင်မယ့် အခြေအနေကြောင့် နူးကမ့်ကွင်းဆောက်လုပ်ရေးလုပ်ငန်းခွင် အလုပ်သမားများရဲ့ သပိတ်မှောက်ဆန္ဒပြမှုနှင့် ကြုံတွေ့လာရပါတယ်။
နူးကမ့်ကွင်းကို ပြန်လည်ဖွင့်လှစ်ရန် ရက်သတ္တပတ်အနည်းငယ်သာ လိုတော့တဲ့ အချိန်မျိုးတွင်အလုပ်သမားသမဂ္ဂက ဦးဆောင်ကျင်းပတဲ့ ယင်းသပိတ်ကျင်းပလာတာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ယခုသပိတ်ကြောင့် ဖိအားများအောက်သို့ ပိုမိုကျရောက်လာခဲ့ပါတယ်။
နူးကမ့်ကွင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများဟာ နိုင်ငံခြားအလုပ်သမား ၅၀ နီးပါးကို ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးဖြင့် နှင်ထုတ်လာမယ့် အခြေအနေကြောင့် ယခုကဲ့သို့ ကွင်းရှေ့သို့ လာရောက် ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။
ယင်းဆန္ဒပြပွဲကို စပိန်ရဲ့ CCOO Trade Union က ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။ ၎င်းတို့က Limak နှင့် Ekstreme Works တို့ဟာ စာရွက်စာတမ်းမထောက်အထား မပြည့်စုံတဲ့ အလုပ်သမားများကို ကိုယ့်နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေတယ်လို့ စွပ်စွဲထားကြပါတယ်။
ဒါ့အပြင် သမဂ္ဂကိုယ်စားလှယ် ကားလို့စ်ဒယ်ဘာရီယိုက အလုပ်သမားအများစုမှာ အန္တရာယ်အလွန်များတဲ့ အခြေအနေမျိုးတွင် အလုပ်လုပ်ခဲ့ရကြောင်း၊ တချို့မှာ တစ်နေ့လျှင် ၁၂ နာရီအထိ တစ်ပတ်လျှင် ၇ ရက်လုံး တစ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့ရကြောင်း ဆိုသွားပါတယ်။
ယင်းအလုပ်သမားများမှာ မျှတတဲ့ ဆက်ဆံမှု (သို့မဟုတ်) နစ်နာကြေး တစုံတရာ မရရှိဘဲ အိမ်ပြန်ပို့ခံရမယ့်အခြေအနေကြောင့် ယခုကဲ့သို့ ဆန္ဒပြလာခြင်းဖြစ်ကြောင်း ဘာရီယိုက ဆိုထားပါတယ်။
ဒါ့အပြင် ၎င်းက ကလပ်နှင့် အာဏာပိုင်တို့အနေဖြင့် ယခုကိစ္စအား ကြားဝင် ဖြေရှင်းပေးရန်လည်း တောင်းဆိုထားပါတယ်။
တဆက်တည်းတွင် CCOO က ဘာစီလိုနာမှာ အလုပ်သမားများရဲ့ အခြေအနေနှင့်ပတ်သက်ပြီး အကြိမ်ကြိမ် အသနားခံမှုကို မကြားချင်ယောင်ကာ မျက်ကွယ်ပြုခဲ့ကြောင်းလည်း ဆိုသွားပါတယ်။