ဘယ်သူမှ ရိုက်ချိုးနိုင်မှာ မဟုတ်တဲ့ စံချိန်တစ်ခုကို ရေးထိုးနိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်ထားတဲ့ အီကီတီကီ
========================
ဟူဂိုအီကီတီကီဟာ နောင်တချိန်တွင် ဘယ်သူမှ ရိုက်ချိုးနိုင်မှာ မဟုတ်တော့တဲ့ ပုံမှန်မဟုတ်တဲ့ စံချိန်တစ်ခုအား ရေးထိုးနိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်နေပါတယ်။
အီကီတီကီဟာ နွေရာသီတုန်းက ဖရန့်ဖတ်မှ ပြောင်းရွှေ့ကြေး ပေါင် ၆၉ သန်းဖြင့် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးသို့ ရောက်လာခဲ့သူ ဖြစ်ပါတယ်။
သူနဲ့အတူ ဘွန်ဒက်စ်လီဂါမှ ပြောင်းလာကြတဲ့ ဖလိုရီယန်ဝါ့ဇ်၊ ဂျီရီမီဖရမ်းပေါင်တို့က အကောင်းဆုံးပုံစံ ရရှိရေး ရုန်းကန်နေရပေမယ့်လည်း အီတီကီတီကတော့ အန်းဆလော့ရဲ့ လီဗာပူးမှာ ချက်ချင်းဆိုသလို အထိုင်ကျထားကာ ၆ ဂိုးသွင်းထားနိုင်ပါတယ်။
သူဟာ ခရစ္စတယ်ပဲလေ့စ်နှင့် ကွန်မြူနတီဒိုင်းပွဲမှာ လီဗာပူးအတွက် ပထမဆုံးပွဲ ကစားခဲ့ပြီးပထမဆုံးဂိုး သွင်းနိုင်ခဲ့ပါတယ်။
ယင်းနောက် သူဟာ ဩဂုတ်လ ၁၅ ရက်နေ့ ဘုန်းမောက်နှင့်ပွဲတွင် လီဗာပူးအတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲ ကစားရာမှာ ပထမဆုံးပရီးမီးယားလိဂ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။
အီကီတီကီဟာ ကြားရက်တုန်းက ချန်ပီယံလိဂ်တွင် ရီးရဲလ်မက်ဒရစ်အား အနိုင်ရရှိခဲ့မှုနှင့်အတူ တနင်္ဂနွေနေ့တွင် အီတီဟတ်မှာ ကစားမယ့် မန်စီးတီးနှင့် ပရီးမီးယားလိဂ်ပွဲအတွက် စိတ်အား ထက်သန်နေပါတယ်။
ယနေ့ ထွက်ပေါ်လာတဲ့ မှတ်တမ်းအရ အီကီတီကီဟာ ဘယ်သူမှ ရိုက်ချိုးလာနိုင်တော့မှာ မဟုတ်တော့တဲ့ စံချိန်ကို ရေးထိုးနိုင်မယ့် အခွင့်အေရေး ပိုင်ဆိုင်နေပါတယ်။
အီကီတီကီဟာ လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ် ၁၅ ပွဲကစားထားရာမှာ ၆ ဂိုးသွင်းထားပါတယ်။ ထူးခြားတိုက်ဆိုင်စွာဘဲ ပြင်သစ်တိုက်စစ်မှူးဟာ ယင်း ၆ ဂိုးကို ရက်သတ္တပတ်ရဲ့ ကွာပြားတဲ့ နေ့ရက်တွေမှာ သွင်းထားပါတယ်။
ယခင်တုန်းက လီဗာပူးသမိုင်းမှာ ကွဲပြားရက် ၅ ရက်မှာ ဂိုးသွင်းနိုင်သူတွေအဖြစ် ရေးဟောက်တန်နှင့် ဒီဂျန်လော့ဗ်ရန်တို့က ရေးထိုးထားပါတယ်။
အခု အီကီတီကီက ကြာသပတေးနေ့မှ လွဲပြီး ကျန် နေ့ရက်တွေမှာ လီဗာပူးအတွက် ၆ ဂိုးသွင်းထားနိုင်ပါတယ်။
အီတီတီကီဟာ ပထမဆုံးဂိုးကို တနင်္ဂနွေနေ့မှာ သွင်းယူပြီးနောက် သောကြာနေ့နှင့် တနင်္လာနေ့ပွဲတွေမှာ ဂိုးထပ်သွင်းခဲ့ပါတယ်။ ယင်းနောက် သူဟာ အဲဗာတန်နှင့် မာဆေးဆိုက်ဒါဘီပွဲစဉ်မှာ ဂိုးသွင်းကာ စနေနေ့မှာ ဂိုးသွင်းခဲ့ပါတယ်။
သူဟာ အင်္ဂါနေ့ ဆောက်သမ်တန်နှင့် ခါရာဘောင်ဖလားပွဲမှာ ဂိုးသွင်းခဲ့ပြီး ရိုးရှင်းတဲ့ သွင်းဂိုးအတွက် အင်္ကျီချွတ်ပြီး အောင်ပွဲခံမှုနှင့်အတူ နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရပါတယ်။
ယခု အီကီတီကီဟာ ကြာသပတေးနေ့တွင်သာ ဂိးသွင်းနိုင်ဖို့ လိုပါတော့တယ်။ အခု ပွဲပြက္ခဒိန်အရ လီဗာပူးအတွက် အနီးစပ်ဆုံး ကြာသပတေးနေ့ပွဲစဉ်က ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးနေ့မှာ အန်ဖီးလ်ကွင်းမှာ လိဒ်ကို ဧည့်ခံကစားရမယ့်ပွဲပါ။
ဒါကြောင့်လည်း တကယ်လို့များ အီကီတီကီအနေဖြင့် လာမယ့် နှစ်သစ်ကူးနေ့မှာ လီဗာပူးအတွက် ဂိုးသွင်းနိုင်မယ်ဆိုရင် လီဗာပူးအတွက် ရက်သတ္တပတ်လုံး နေ့ရက်များတွင် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာနိုင်မှာလည်း ဖြစ်ပါတယ်။