VIP Coutts ဘဏ်အကောင့်မှ ပေါင် ၈၀၀၀၀၀ ကျော် အခိုးခံခဲ့ရတဲ့ စပါးစ်စတား
======================
စပါးစ်စတားအိဗ်ဘစ်ဆူမာဟာ သူ့ရဲ့ VIP Coutts ဘဏ်အကောင့်မှ ပေါင် ၈ သိန်းကျော် ခိုးယူခြင်းခံခဲ့ရပါတယ်။
စပါးစ်ရဲ့ ပေါင်သန်း ၃၀ တန် အလယ်တန်းကစားသမားဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် ဇွန်လအတွင်းတွင် ယင်းငွေများ အခိုးခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဘစ်ဆူမာက ယင်းကို တိုင်ကြားမှု ပြုလုပ်ပြီးနောက် လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ငွေခိုးမှုနှင့်ပတ်သက်ပြီး အသက် ၃၁ နှစ်ရှိ မူရစ်ဂိုမက်စ်ဆိုသူ အဖမ်းခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။
ဂိုမက်စ်ဟာ မဟုတ်မမှန်ဖော်ပြပြီး လိမ်လည်မှု ပြုလုပ်မှုဖြင့် စွဲချက် ၂ ခု တင်ခြင်းခံထားရပါတယ်။ တကယ်လို့များ ပြစ်မှုထင်ရှားပါက ဂိုမက်စ်ဟာ စွဲချက်တစ်ခုစီအတွက် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်စီ ကျခံရနိုင်ပါတယ်။
အသက် ၂၉ နှစ်ရှိ ဘစ်ဆူမာဟာ နာမည်ကြီးစယ်လီများ၊ ဘီလျှံနာများ၊ တော်ဝင်မိသားစုဝင်များ အသုံးပြုတဲ့ Coutts တွင် ဘဏ်စာရင်းဖွင့်ထားတာ ဖြစ်ပါတယ်။
တရားရုံးမှတ်တမ်းများအရ ဂိုမက်စ်ဟာ ဘစ်ဆူမာရဲ့ ဘဏ်အကောင့်ထဲမှ ငွေများကို ကာယကံရှင်မသိဘဲ လွဲပြောင်း ရယူခဲ့ကြောင်း သိရပါတယ်။
အစိုးရရှေ့နေက ဂိုမက်စ်မှာ ဘစ်ဆူမာထံမှ စုစုပေါင်း ငွေ ပေါင် ၈၃၄၃၃၄၄၀ လွဲပြောင်းကာ ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြောင်း ဆိုထားပါတယ်။
စပါးစ်တွင် တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀ ရရှိနေတဲ့ ဘစ်ဆူမာက ယင်းသို့ ဘဏ်အကောင့်မှ ငွေများ ခိုးယူခံထားရတာ မသိပါဘူး။ ဒါ့အပြင် ဂိုမက်စ်က ဘစ်ဆူမာရဲ့ အကောင့်ကို ဘယ်လို ဝင်ရောက်နိုင်ခဲ့သလဲဆိုတာကိုလည်း မသိရသေးပါဘူး။
ဘစ်ဆူမာဟာ ယနေ့တွင် ယင်းအမှု ရုံးတင်စစ်ဆေးချိန်မှာ သက်သေအဖြစ် ထွက်ဆိုရပါမယ်။
ဘစ်ဆူမာဟာ ဇွန်လတုန်းကလည်း ကိန်းစ်တွင် ပေါင် ၂၂၅၀၀၀ တန်ဖိုးရှိ နာရီလုယက်ခံခဲ့ရသူ ဖြစ်ပါတယ်။
သူဟာ စပါးစ်အတွက် ပွဲတစ်ရာကျော် ကစားပေးထားပေမယ့်လည်း ဩဂုတ်လကတည်းက အသင်းတွင် နေရာပျောက်နေပါတယ်။