အောင်မြေသာစံမြို့နယ် ထွေအုပ်ရုံးအကူဝန်ထမ်းတစ်ဦး ရွှေဘိုတက္ကသိုလ်တွင် အဝေးသင်တက်ရောက်ရန်သွားစဉ် မုံရွာမြို့အနီး၌ PDF များက ဖမ်းဆီးခေါ်ဆောင်သွား
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ထွေအုပ်ရုံးအကူဝန်ထမ်းတစ်ဦး ရွှေဘိုတက္ကသိုလ်တွင် အဝေးသင်တက်ရောက်ရန်သွားစဉ် မုံရွာမြို့အနီး၌ PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ရုံးအကူ/စာပို့ ဦးအောင်ဇော်မိုးနှင့် ၎င်း၏သူငယ်ချင်းဖြစ်သူ ဦးခန့်သူရိန်တို့သည် ရွှေဘိုတက္ကသိုလ်၌ အဝေးသင်တက်ရောက်ရန်အတွက် အောက်တိုဘာ ၃၁ ရက် ညနေပိုင်းတွင် ခရီးသည်တင် မော်တော်ယာဉ်ဖြင့် မန္တလေးမှ မုံရွာမြို့သို့ထွက်ခွာခဲ့ရာ မုံရွာမြို့အနီးအရောက်၌ PDF အဖွဲ့က အဆိုပါမော်တော်ယာဉ်ကိုတားဆီးကာ ၎င်းတို့နှစ်ဦးအားဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
ထို့နောက် နိုဝင်ဘာ ၃ ရက်တွင် ဦးခန့်သူရိန်အား ပြန်လည်စေလွှတ်ပေးခဲ့ကြောင်းနှင့် ဦးအောင်ဇော်မိုးအား ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားသည့် နိုင်ငံ့ဝန်ထမ်းတစ်ဦးကို ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။