"တန်ဖိုးသိတဲ့နေရာမှ တန်ဖိုးရှိတယ်"
.......................................................
လူတစ်ယောက်ဟာ ကျောက်တုံး တစ်တုံးကို တန်ဖိုးသိချင်လို့ ပညာရှိတစ်ဦးဆီ သွားရောက် မေးမြန်းတယ်။
ပညာရှိက... "မင်း ဒီကျောက်တုံးကို ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ သိချင်ရင် ငါပြောတဲ့ စျေးဆိုင် သုံးဆိုင်မှာ သွားမေးကြည့်ပါ" လို့ ပြောလိုက်တယ်။
ဒါနဲ့ အဲ့ဒီလူလည်း ကျောက်တုံးကို ယူပြီး ပညာရှိပြောတဲ့အတိုင်း စျေးဆိုင်တွေဘက်ကို ထွက်သွားပါတယ်။
ပထမဆုံးအနေနဲ့ ဟင်းသီးဟင်းရွက် ရောင်းတဲ့ဆိုင်ကို သွားမေးတယ်..." ဆိုင်ရှင်ခင်ဗျား ဒီကျောက်လေးရောင်းရင် ဘယ်လောက် ရနိုင်မလဲ...."
ဆိုင်ရှင်က.... "ငါ့ ဟင်းရွက်တွေကို ဖိထားလို့ရအောင် ဒါကို နှစ်ဒေါ်လာ ပေးနိုင်တယ်" လို့ ပြောတယ်။
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်... ဒီလောက်ဆို မရောင်းနိုင်သေးပါဘူး။ သွားလိုက်ပါဦးမယ်..."လို့ ပြောပြီး ထွက်သွားပါတယ်။
ဒါနဲ့ နောက်တော့ ရွှေပန်းထိမ်ဆိုင်ကို သွားမေးတယ်။ ပန်းထိမ်ဆရာက ကျောက်တုံးကို ကြည့်ပြီး... " ဒီကျောက်တုံးက ရှားပါးပြီး တန်ဖိုးရှိတယ်။ ငါ့ အနုပညာလက်ရာတွေ ဖန်တီးချင်လို့ ဒေါ်လာတစ်ထောင် ပေးမယ်" လို့ ပြောတယ်။
အဲ့ဒီလူလည်း ကျောက်တုံးကို ယူပြီး မရောင်းသေးပဲ ထွက်သွားပြန်တယ်။
နောက်ဆုံးအနေနဲ့ ကျောက်မျက်ရတနာဆိုင်ကို သွားမေးတယ်။ ကျောက်မျက်ပညာရှင်က ကျောက်တုံးကို သေချာစစ်ဆေးပြီး အံ့အားသင့်စွာနဲ့...
" ဒါဟာ ရှားပါးပြီး တကယ့်ကို တန်ဖိုးကြီးမားတဲ့ ကျောက်မျက်ရတနာစစ်စစ်ပဲ။ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ ခန့်မှန်းလို့ မရဘူး။ ငါ့ပိုင်ဆိုင်မှုတွေ အားလုံးနဲ့တောင် လဲလှယ်လို့ မရနိုင်ဘူး" လို့ ပြောလိုက်ပါတယ်။
ထိုအခါမှ ကျောက်တုံးပိုင်ရှင်လည်း ကျောက်တုံး၏ တကယ့်တန်ဖိုးကို သိရှိသွားပါတော့တယ်။
ပုံပြင်လေးက ပေးတဲ့ သင်ခန်းစာကတော့... သင့်ရဲ့ တန်ဖိုးဟာ ဘယ်နေရာမှာ ဘယ်သူတွေက သင့်ကို အကဲဖြတ်သလဲ ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။
မိမိရဲ့တန်ဖိုးကို သိရှိနားလည်တဲ့ နေရာမှသာလျှင် မိမိတန်ဖိုးက မြင့်မားနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး မိမိတန်ဖိုးကို ကိုယ်တိုင် သိရှိနားလည်ပြီး တန်ဖိုးထားတတ်ဖို့လည်းလိုပါတယ်......။
သူတပါးရဲ့ အမြင်တစ်ခုတည်းနဲ့ ကိုယ့်ကိုယ်ကို ဘယ်တော့မှ အကဲမဖြတ်ပါနဲ့.........။