အသင်းကို ၄ လသာ ကိုင်တွယ်ရသေးတဲ့ ဟိုက်တင်ဂါကို အေဂျက်စ် ထုတ်ပယ်လာ
===================
အေဂျက်စ်က လီဗာပူးမှ ရောက်လာတာ လေးလသာ ရှိသေးတဲ့ နည်းပြဂျွန်ဟိုက်တင်ဂါကို ထုတ်ပယ်လာပါတယ်။
အသက် ၄၁ နှစ်ရှိ ဟိုက်တင်ဂါဟာ နွေရာသီတွင် လီဗာပူးနည်းပြအဖွဲ့မှ နုတ်ထွက်ပြီး အေဂျက်စ်သို့ ရောက်လာပြီးနောက် ဒတ်ချ်အမြင့်တန်းလိဂ်ပွဲ ၁၁ ပွဲ ကိုင်တွယ်ရာတွင် ၅ ပွဲတည်းသာ နိုင်ပွဲ ရယူပေးနိုင်ခဲ့ကာ ထိပ်ဆုံးမှ ဖီယင်နုနှင့် ၈ မှတ်အထိ ကွာဟနေမှုနှင့်အတူ အေဂျက်စ်နည်းပြရာထူးမှ ထုတ်ပယ်ခံလာရတာပါ။
ဒါ့အပြင် ဟိုက်တင်ဂါ ဦးဆောင်နေစဉ်အတွင်း အေဂျက်စ်ဟာ ယခုရာသီ ချန်ပီယံလိဂ်ပွဲ ၄ ပွဲလုံး ရှုံးနိမ့်ထားပါသေးတယ်။
အဲဗာတန်ကစားသမားဟောင်းဟိုက်တင်ဂါဟာ ပြီးခဲ့တဲ့ရာသီတုန်းက လီဗာပူးတွင် အန်းဆလော့လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ နွေရာသီမှာတော့ အေဂျက်စ်သို့ ၂ နှစ်စာချုပ်ဖြင့် ရောက်လာခဲ့ပါတယ်။ သူဟာ ကစားသမားဘဝတုန်းက အေဂျက်စ်အတွက် ပွဲနှစ်ရာကျော်ကစားခဲ့တဲ့အပြင် အရန်အသင်းနည်းပြ၊ ယာယီနည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးပါတယ်။
အေဂျက်စ်ဟာ ဟိုက်တင်ဂါရဲ့ လက်ထောက်နည်းပြ မာဆယ်ကိုင်ဇာကိုလည်း ထုတ်ပယ်ခဲ့ပါတယ်။
အေဂျက်စ်ဟာ အသက် ၆၀ နှစ်ရှိ လက်ထောက်နည်းပြဖရက်ဂရမ်းကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။
ဒေသတွင်း မီဒီယာများရဲ့ ဖော်ပြမှုအရ အေဂျက်စ်ဟာ ယူနိုက်တက်နည်းပြဟောင်းအဲရစ်တန်ဟက်ကို ပြန်လည် ခန့်အပ်ရန် ဆွေးနွေးနေကြောင်း သိရပါတယ်။
အဲရစ်တန်ဟက်ဟာ အေဂျက်စ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့အထိ ပို့ဆောင်ပေးခဲ့သူ ဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလတုန်းက ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
သူဟာ နွေရာသီတွင် လေဗာကူဆင်နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပေမယ့်လည်း ဘွန်ဒက်စ်လီဂါ ၂ ပွဲတည်းသာ ကိုင်တွယ်ခဲ့ရကာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။