ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ မှိုင်းခံစံချိန်အကောင်းဆုံးဆုရရှိ
၂ဝ၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ မှိုင်းခံစံချိန်အကောင်းဆုံးဆုရရှိခဲ့ကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ဝန်ကြီးဌာနအလိုက် မီးပုံးပျံလွှတ်တင်ယှဉ် ပြိုင်ပွဲများအဖြစ် စိန်နားပန်မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက “ရင်းနှီး/ မြှုပ်နှံ ပြည့်အားမာန်”၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက “ဒီပပူဇာ”၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက “ခရီးသွားရောင်စဉ်”၊ နိုင်ငံခြားရေးဝန်ကြီးဌာနက “သားကောင်းတမန် ပြည့်အားမာန်”၊ ကျန်းမာရေးဝန်ကြီးဌာနက “အာရောဂျံ”၊ ပညာရေးဝန်ကြီးဌာနက“သုခမိန်”နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက “ပြည့်ဂုဏ်ဆောင်”စသည့် မီးပုံးပျံအမည်တို့ဖြင့် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြကြောင်း သိရသည်။
ယင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ မှိုင်းခံစံချိန်အကောင်းဆုံးဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာလ ၂ ရက်မှ ၄ ရက်အထိ ကျင်းပခဲ့သည်။
ပွဲတော်ကာလအတွင်း ရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်၌ ဝတ်ရွတ်အသင်းများကရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။