Grade-9 အောင်မြင်ပြီး Grade-12 သို့ ဆက်လက်မတက်ရောက်လိုပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်ပြီး ယင်းကျောင်းများ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအင်ဂျင်နီယာပညာရပ်များ သင်ကြားပေးနေ
နိုဝင်ဘာ ၅ ရက်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့သို့ ရောက်ရှိပြီး Grade-12 သင် ဆရာ ဆရာမများ၊ ကျောင်းသား မိဘများနှင့် တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အလေးထားအားပေး ဆောင်ရွက်ပေးလျက်ရှိပြီး သင်ကြားရေးနှင့်သင်ထောက်ကူပစ္စည်းများကိုလည်း ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မူဝါဒများချမှတ်ပေးလျက်ရှိပြီး မူဝါဒများပေါက်မြောက်အောင်မြင်စေရန် ဆရာဆရာမများက ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ မိဘများအနေဖြင့် မိမိတို့၏သားသမီးများ စာကြိုးစားကြရန် ဂရုစိုက်ကြပ်မတ်ပေးကြစေလိုကြောင်း၊ Grade-9 အောင်မြင်ပြီးသည့်အခါတွင် Grade-12 သို့ ဆက်လက်မတက်ရောက်လိုပါက စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၈၉ ကျောင်းဖွင့်လှစ်ထားရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအင်ဂျင်နီယာပညာရပ်များ သင်ကြားပေးလျက်ရှိကြောင်း၊ ယင်းကျောင်းများမှအောင်မြင်ပြီးပါက အဆင့်မြင့်ဘာသာရပ်များ ဆက်လက်ဆည်းပူးသင်ကြားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။