ပြည်သူ့ရှေ့ဆောင်ပါတီ၏ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ လူသတ်မှုဖြင့် ဖမ်းဆီးခံရ

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်တွင် နေထိုင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးစိုင်းရွှေထီး လူသတ်မှုဖြင့် ဖမ်းဆီးခံရကြောင်း PPP ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက အတည်ပြုပြောကြားသည်။

“တောင်ကြီးက အချိုးကျကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းပါ။ PR ပေါ့။ လောလောဆယ်တော့ ကျွန်တော်တို့လည်း ကြားထားတယ်လေ။ အခုက အချုပ်ထဲရောက်နေတယ်။ သူ့အိမ်က ကြက်ခိုးတဲ့ကိစ္စနဲ့ ဒေါသအလျောက် ရိုက်ကြတယ်လို့ ကြားတာပဲ။ လပြည့်ညက ဖြစ်တာလို့ကြားတယ်။ ဥပဒေကြောင်းအရ အရေးယူထားတယ်လို့တော့ ကြားတယ်။ ဘယ်ကနေ ဘယ်လိုစဖြစ်တယ်ဆိုတဲ့ဖြစ်စဉ်အသေးစိတ်တော့ မသိဘူးပေါ့” ဟု PPP ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက ပြောကြားသည်။

နိုဝင်ဘာ ၄ ရက် နံနက် ၂ နာရီဝန်းကျင်တွင် တောင်ကြီးမြို့နယ် အေးသာယာမြို့နေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီး၏ အိမ်တွင် မွေးထားသည့် ကြက်များကို လာရောက်ခိုးယူသူ လောတာ (ခ) စိုင်းထွန်းဆာဆိုသူအား ဦးစိုင်းရွှေထီးနှင့် ၎င်း၏ သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့က ဒေါသအလျောက် ရိုက်နှက်မိခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ရိုက်နှက်ခံရမှုကြောင့် ကြက်များအား လာရောက်ခိုးယူသူ လောတာ (ခ) စိုင်းထွန်းဆာမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးနှင့် ၎င်း၏ သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့ကို ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

image