3 d - Translate

◾️PPP ပါတီမှလွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် သားဖြစ်သူတို့ လူသတ်မှုဖြင့်ဖမ်းဆီးခံရ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရပ်ကွက်(၁) တွင်နေထိုင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် သားဖြစ်သူတို့ လူသတ်မှုဖြင့်ဖမ်းဆီးခံရကြောင်း ယင်းပါတီထံမှသိရသည်။
နိုဝင်ဘာ ၄ ရက်၊ ည ၈ နာရီခွဲခန့်တွင် အေးသာယာမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ (၂)၊ အကွက်ကြီး (၈၀)၊ အိမ်အမှတ်(၄၂) နေအိမ်ရှေ့လမ်းမပေါ်တွင် တန်ဆောင်တိုင်လပြည့်ညကြက်ခိုးရာမှ ရိုက်နှက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ အသက်(၅၂) နှစ်အရွယ်ရှိ လောတာ (ခ) စိုင်းထွန်းဆာဆိုသူဖြစ်ကြောင်း၊ ၎င်းသည် ဦးစိုင်းရွှေထီးနေအိမ်ရှေ့ကွန်ကရစ်ခင်းထားသည့်ရေမြောင်းပေါ်တွင် ပက်လက်အနေအထားနှင့် နဖူးပေါက်ပြဲသွေးထွက်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သိရသည်။
ယင်းနေ့ညတွင်လောတာ(ခ)စိုင်းထွန်းဆာသည် ခြံချင်းကပ်ဦးစိုင်းရွှေထီးနေအိမ်ရှိ မန်ကျည်းပင်ပေါ်တွင် အိပ်တန်းဝင်နေသည့်ကြက်များအားခိုးယူစဉ် ဦးစိုင်းရွှေထီးနှင့်သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့မှသိသွားသဖြင့် အပြန်အလှန်စကားများကြရာမှ ရိုက်နှက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
ယင်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဌဦးစောဟန်အေးက "သူတို့ကတော့ ဥပဒေအတိုင်းအပြစ်ဒဏ်ကိုခံယူဖို့ပဲရှိပါတယ်။ ဒါကလည်းဒေါသအလျောက်ဖြစ်တာနေမှာပါ။ နောက်ပြီး သူတို့ရဲ့ကြားမှာလည်း ကိုယ်တွေမသိနိုင်တဲ့ တခြား Personal (ကိုယ်ရေးကိုယ်တာ) ကိစ္စတွေလည်းရှိခြင်းရှိမှာပေါ့။ ဘယ်လိုပဲဖြစ်နေပါစေ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတာ ဥပဒေရဲ့အထက်မှာမရှိပါဘူး။ ဒါကြောင့် ဥပဒေအတိုင်းပဲပြစ်ဒဏ်ခံယူရမှာပါ" ဟု စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
လောတာ(ခ)စိုင်းထွန်းဆာအား သေဆုံးအောင်တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ကြသူများဖြစ်ကြသည့် ဦးစိုင်းရွှေထီး၊ အသက်(၅၈) နှစ်နှင့်သားဖြစ်သူ စိုင်းကျော်စိုးမိုး၊ အသက်(၃၄) နှစ်တို့အား(ပ)၁၃၇/၂၀၂၅ ပုဒ်မ - ၃၀၂/ ၁၁၄ ဖြင့်ရဲတပ်ဖွဲ့ကဖမ်းဆီးထားကြောင်းသိရသည်။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း

image