မကြာမီ ကစားသမားဘဝမှ အနားယူရန် စီစဉ်ထားကြောင်း ခရစ္စတီယာနိုရော်နယ်ဒိုဖွင့်ဟလာ
=======================

သူ့ပရိသတ်တွေကတော့ သူ့ကို ရာသက်ပန်ကစားစေချင်ကြမှာပါ။ ဒါပေမယ့် ခရစ္စတီယာနိုရော်နယ်ဒိုကတော့ သမီးဖြစ်သူတို့ရဲ့ တိုက်တွန်းမှုကြောင့် လက်ထပ်ရန် စီစဉ်ထားမှုနှင့်အတူ မကြာမီ အနားယူရန် စီစဉ်ထားကြောင်း ဖွင့်ဟလာပါတယ်။
အသက် ၄၀ နှစ်ရှိ ပေါ်တူဂီစူပါစတားဟာ မကြာသေးမီတုန်းက ဆော်ဒီပရိုလိဂ်ကလပ် Al Nassr နှင့် ၂ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ပီယာမော်ဂန်နှင့် အင်တာဗျူးတွင် Ballon d'Or ငါးကြိမ်ရ ခရစ္စတီယာနိုရော်နယ်ဒိုက ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားသမားဘဝမှ အနားယူရန် စီစဉ်ထားမှုနှင့်ပတ်သက်ပြီး ဖွ့င်ဟလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ အသက် ၄၀ နှစ်အရွယ်သို့ ရောက်နေပြီ ဖြစ်ပေမယ့်လည်း လက်ရွေးစင်အသင်းမှာ အရေးပါတဲ့ သူ ဖြစ်နေဆဲ ဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့ပါသေးတယ်။

သူဟာ ယခုတိုင် ကြံ့ခိုင်မှုကောင်းမွန်နေဆဲ ဖြစ်ပြီး များစွာ ကစားနိုင်သေးတယ်လို့ ယူဆရတုန်းပါ။

ဒါပေမယ့် သူဟာ ကာလရှည်ကြာ တွဲလာတဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်နှင့် လက်ထပ်ရန် စီစဉ်ထားမှုနှင့်အတူ ၂၃ နှစ်ကြာ ကျင်လည်လာတဲ့ ဘောလုံးလောကမှ အနားယူရန် စီစဉ်လာရပြီလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုက "ကျွန်တော် ပြင်ဆင်ထားခဲ့တယ်။ ခက်ခဲလာမှာပါ။ ခက်ခဲလာမှာ သေချာတယ်။ ငိုမိမှာ သေချာတယ်။ ကျုပ်က မျက်ရည်ကျလွယ်တဲ့သူပါ။ ကျုပ်က ပွင့်လင်းတယ်။ ရိုးသားတယ်။ ဒါပေမယ့် ကျွန်တော်က အသက် ၂၅၊ ၂၆၊ ၂၇ နှစ်ကတည်းက အနာဂတ်အတွက် ပြင်ဆင်ထားခဲ့တယ်။ ရောက်လာနိုင်တဲ့ ဖိအားတွေကို ရင်ဆိုင်နိုင်မယ်လို့ ထင်တယ်"လို့ ပြောကြားသွားပါတယ်။

ဘောလုံးကစားသမားဟောင်းအများစုတို့ဟာ ကစားသမားဘဝမှ အနားယူပြီးချိန်မှာတော့ ရုန်းကန်ရလေ့ ရှိပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုက "အရာအားလုံးက အသစ်က စတင်လာမယ်။ အရာအားလုံးက အဆုံးသတ်လာမယ်"လို့ ပြောကြားသွားပါတယ်။

ရော်နယ်ဒိုဟာ ကစားသမားဘဝမှ အနားယူပြီးချိန်မှာတော့ ဖခင်ကောင်းတစ်ယောက်၊ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်လာဖို့ ကြိုးစားလာမှာလည်း ဖြစ်ပါတယ်။

သူ့တွင် အသက် ၁၅ နှစ်အရွယ် ခရစ္စတီယာနိုဂျူနီယာ၊ ၈ နှစ်အရွယ် မာတီယိုနှင့် အီဗာ အမြွှာမောင်နှမ၊ အသက် ၇ နှစ်အရွယ် အလာနာ၊ အသက် ၃ နှစ်အရွယ် ဘယ်လာတို့ ပိုင်ဆိုင်ထားပါတယ်။
ဂျူနီယာက ဘောလုံးသမားဘဝ စတင်နေပြီ ဖြစ်ပြီး ပေါ်တူဂီယူ-၁၆ အတွက် ကစားခွင့် ရရှိနေကာ မကြာသေးမီတုန်းက ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး ရော်နယ်ဒိုက "ကိုယ့်အတွက် အချိန်ပိုရလာမယ်။ မိသားစုအတွက် အချိန်ပိုပေးလာနိုင်မယ်။ ကလေးတွေကို ပြုစုပျိုးထောင်နိုင်မယ်။ အထူးသဖြင့် သုံးနှစ်ပဲ ရှိသေးတဲ့ ဘယ်လာပေါ့။ ခရီးတွေ စသွားပြီး အိမ်နဲ့ အဝေးကြီးအကြာကြီး ခွဲနေရချိန်မှာ ဖြစ်လာတဲ့ ခံစားချက်ပေါ့။ ခရစ္စတီယာနိုဂျူနီယာကိုလည်း ဂရုစိုက်လာနိုင်မယ်။ သူ့အရွယ်ကက ပေါက်ကရတွေ လျောက်လုပ်တဲ့အရွယ် ရောက်နေပြီ။ ကျုပ်လည်း သူ့အရွယ်တုန်းက လုပ်ခဲ့တာပဲလေ။ မာတီယိုကိုလည်း ဘောလုံးကို ချစ်စေချင်တယ်"လို့ ပြောကြားသွားပါတယ်။
ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်တွင် ကစားနေတဲ့ ၂၀၁၆ ခုနှစ်တုန်းက Gucci စတိုးတွင် အရောင်းစာရေးလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂျော်ဂျီနာနှင့် တွေ့ဆုံ ချစ်ကြိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
၎င်းတို့အကြား လက်ထပ်မယ်လို့ သတင်းထွက်ပေါ်လာခဲ့တာ ကြာမြင့်ပြီလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဂျော်ဂျီနာအား ကြီးမားတဲ့ စေ့စပ်လက်စွပ်ပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။၊
လက်ထပ်ခွင့်တောင်းမှုနှင့်ပတ်သက်ပြီး ရော်နယ်ဒိုက "ဂျီယို(ဂျော်ဂျီနာ)က လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းဖို့ ပြောလာတယ်။ ကျောက်ကောင်းတစ်ပွင့်ပိုင်ဆိုင်ရဖို့က သူမရဲ့ အိပ်မက်။ ကျွန်တော်လည်း ကျောက်တစ်လုံး ရှာတွေ့ခဲ့တယ်။ သူမလည်း သဘောကျတယ်။
ကျွန်တော့်သူငယ်ချင်းက ဂျီယိုအတွက် လက်စွပ်တစ်ကွင်း ကျွန်တော့်ကို ပေးတယ်။ ပြီးတော့ ကျွန်တော့် သမီးနှစ်ယောက် ရောက်လာပြီး အမေ့ကို လက်စွပ်ပေးတယ်ဆိုတော့ လက်ထပ်တော့မှာပေါ့လို့ ပြောလာတယ်။ ကျုပ်ကလည်း ဟုတ်တယ်လို့ ဖြေခဲ့တယ်။ သူတို့က ကျုပ်သမီးဖြစ်လို့ အဲဒီလို ပြောခဲ့တာ"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ခရစ္ဏတီယာနိုရော်နယ်ဒိုက ရူဘင်အမိုရမ်မှာ အသင်းဟောင်းယူနိုက်တက်ကို အံဘနန်းဖြစ်အောင် လုပ်ဆောင်လာမှာ မဟုတ်ကြောင်း‌ ပြောကြားလာခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်တွင် အသင်းဟောင်း ယူနိုက်တက်သို့ တကျော့ပြန် ရောက်လာခဲ့ပေမယ့်လည်း အဲရစ်တန်ဟက်နှင့် ပြဿနာတက်ကာ ထွက်ခဲ့ရပါတယ်။
လက်ရှိ ပေါ်တူဂီနည်းပြအမိုရမ်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အဲရစ်တန်ဟက်နေရာတွင် အစားထိုးခန်အပ်ခြင်းခံခဲ့ရပါတယ်။ သူကိုင်တွယ်တဲ့ ပထမရာသီတွင် ယူနိုက်တက်မှာ ၁၉၇၃-၇၄ ရာသီနောက်ပိုင်း အဆိုးရွားဆုံးလိဂ်အဆင့် ရပ်တည်မှုအဖြစ်အဆင့် ၁၅ နေရာမှာ ရပ်တည်ခဲ့ရပါတယ်။
အမိုရမ်ရဲ့ ယူနိုက်တက်ဟာ လိဂ်အဖွင့်ပွဲ ၆ ပွဲတွင် ၃ ပွဲ ရှုံးနိမ့်ပြီးနောက် နောက်ဆုံး ၄ ပွဲတွင် ၁၀ မှတ် ရယူထားနိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုက "သူလည်း အကောင်းဆုံးလုပ်နေတယ်။ သူ ဘာလုပ်လာမှာလဲ။ အံဘနန်းလား၊ အံ့ဘနန်းဖြစ်လာဖို့ မဖြစ်နိုင်ဘူး။ ပေါ်တူဂီမှာ အံ့ဘနန်းဆိုတာ ဖာတီမာမှာပဲ ရှိတယ်။ သူအံ့ဘနန်း လုပ်လာနိုင်မှာ မဟုတ်ဘူး"လို့ ပြောကြားသွားပါတယ်.

image