KK Park က ထွက်ပြေးတဲ့ ကျားဖြန့်တွေကို အခြားဂိုဏ်းတွေက ပြန်လည်စုဆောင်းနေ

မြန်မာနိုင်ငံမှာ နာမည်ဆိုနဲ့ကျော်ကြားတဲ့ အွန်လိုင်ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ရာ KK Park မကြာသေးမီက ဝင်ရောက်စီးနင်းမှုတွေကြောင့် ထွက်ပြေးနေတဲ့ ကျားဖြန့်စင်တာက အလုပ်သမားတွေဟာ အနီးအနားရှိ အခြားကျားဖြန့်စင်တာတွေမှာ အလုပ်ရဖို့ အလုအယက်ဝင်ရောက် စာရင်းပေးနေကြတယ်လို့ ကျွမ်းကျင်သူတွေနဲ့ အတွင်းလူတွေက AFP သတင်းဌာနကို ပြောပါတယ်။

အွန်လိုင်းလိမ်လည်မှု စင်တာတွေဟာ အရှေ့တောင်အာရှတဝန်းမှာ မှိုလိုပေါက်လာပြီး နှစ်စဉ် ဒေါ်လာဘီလီယံပေါင်းများစွာကို အွန်လိုင်းလိမ်လည်မှုပြုလုပ်ပြီး ရယူနေကြပါတယ်။ အလုပ်သမားများစွာဟာ ကျားဖြန့်စင်တာတွေမှာ လူကုန်ကူးခံရကြောင်း လေ့လာသုံးသပ်သူတွေက ဆိုပေမယ့် အချို့ကတော့ များပြားတဲ့ လုပ်ခလစာကြောင့် ဆန္ဒအလျောက် လုပ်ကိုင်သူတွေလည်း ရှိနေပါတယ်။

အောက်တိုဘာလနှောင်းပိုင်းမှာ ဝင်ရောက်စီးနင်းမှုတွေကြောင့် ထိုင်း-မြန်မာနယ်စပ် မြ၀တီရှိ KK Park မှာ လူ ၁၅၀၀ ကျော် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြပေမယ့်လည်း အများစုမှာ ကျားဖြန့်လုပ်ငန်း အခွင့်အလမ်းအသစ်တွေကို ရှာဖွေရန် ကျန်ရစ်ခဲ့ကြတယ်လို့ AFP ကဆိုပါတယ်။

KK Park ကနေ ထွက်ခွာလာတဲ့ လူရာပေါင်းများစွာဟာ အမေရိကန်ဒေါ်လာ ၁၄၀၀ အထိ လစဉ်လစာရမယ်ဆိုတဲ့ သုံးကီလိုမီတာအကွာမှာရှိတဲ့ သူကျားဖြန့်လုပ်နေတဲ့ ကိုယ်ပိုင်ခြံဝင်းကို အောက်တိုဘာ ၂၃ ရက်မှာ ရောက်ရှိလာခဲ့ကြောင်း ဆန္ဒအလျောက် ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတယောက်က AFP ကိုပြောပါတယ်။

လုံခြုံရေးအကြောင်းပြချက်ကြောင့် အမည်မဖော်လိုသူ အဲဒီအမျိုးသားပြောဆိုချက်အရ သူအလုပ်လုပ်ကိုင်တဲ့ နေရာဟာ ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင် ရှိနေကြောင်း ပြသတဲ့ တည်နေရာတခုကိုလည်း AFP ကို မျှဝေခဲ့ပါတယ်။

"လူတချို့ကို မသမာတဲ့ သူဌေးတွေက ခေါ်သွားမယ်၊ တချို့ကိုတော့ ကောင်းတဲ့ကုမ္ပဏီတွေက ခေါ်သွားမယ်" လို့ သူကပြောပါတယ် ။ "ဒါဟာ ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်။" လို့ဆိုပါတယ်။

နိုင်ငံတကာ ရာဇ၀တ်မှုတိုက်ဖျက်ရေး Global Initiative မှ အကြီးတန်းကျွမ်းကျင်သူ Jason Tower က AFP သို့ ပြောကြားရာမှာတော့ KK Park က ကျားဖြန့်တွေကို အခြားဂိုဏ်းတွေက ပြန်လည်စုဆောင်း ခဲ့ကြတယ်လို့ ဆိုပါတယ်။

"လိမ်လည်မှုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဖို့ နေရာသစ်ရှာနေတဲ့ လူတချို့ရှိတယ်။ သူတို့ကတော့ ဒါကို အလုပ်တစ်ခုအနေနဲ့ မြင်ကြတယ်။ " လို့ ပြောပါတယ်။ အရှေ့တောင်အာရှနဲ့ အရှေ့အာရှ‌ဒေသမှာ ကျားဖြန့်လိမ်လည်မှုတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်‌ဒေါ်လာ ၃၇ ဘီလီယံထိ လိမ်လည်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။

image