လက်ရှိချန်ပီယံ ပီအက်စ်ဂျီကို အဝေးကွင်းမှာ တစ်ယောက်အလျှော့ဖြင့် အနိုင်ယူပြီး ယခုရာသီပြိုင်ပွဲအရပ်ရပ် ၁၆ ပွဲလုံး အနိုင်ရရှိလာတဲ့ ဘိုင်ယန်မြူးနစ်
========================

ဘိုင်ယန်မြူးနစ်ဟာ မနေ့ညတုန်းက ပဲရစ်တွင် လက်ရှိ ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီကို တစ်ယောက်အလျှော့ဖြင့် ကစားကာ အနိုင်ရရှိပြီးနောက် ယခုရာသီ ကစားသမျှ ပွဲအားလုံး အနိုင်ရရှိတဲ့ မှတ်တမ်းအား ဆက်လက် ထိန်းသိမ်းလာပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ပထမပိုင်း၃၂ မိနစ်အတွင်းတွင် လူးဝစ်ဒီယာ့ဇ်ရဲ့ သွင်းဂိုး ၂ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လူးဝစ်ဒီယာ့ဇ်ဟာ ပထမပိုင်းအချိန်ပိုတွင် ဟာကီမီကို နောက်ကျနေ ဆိုးရွားစွာ ဖျက်ထုတ်မှုကြောင့် တိုက်ရိုက်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။

ဟာကီမီဟာ ဒီယာ့ဇ်ရဲ့ ဖျက်ထုတ်မှုကြောင့် ခြေကျင်းဝတ်ဒဏ်ရာ ဆိုးဆိုးရွားရွား ရရှိသွားတယ်လို့ ယူဆရပြီး ဒီဇင်ဘာလတွင် မော်ရိုကိုက အိမ်ရှင်အဖြစ် ကျင်းပမယ့် အာဖရိကဖလားပြိုင်ပွဲကို လွဲချော်လာမှာ စိုးရိမ်နေရပြီလည်း ဖြစ်ပါတယ်။

ဟာကီမီဟာ ကွင်းမှာ ခြေအကာအကွယ်စွပ်ပြီး ချိုင်းထောက်ဖြင့် ထွက်ခွာသွားခဲ့ရတာ တွေ့ရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ယောက်အလျော့ဖြင့် ကစားခဲ့ရပေမယ့်လည်း နီဗက်စ်ရဲ့ ချေပဂိုးတစ်ဂိုးတည်းကိုသာ ပေးခဲ့ရကာ ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ပီအက်စ်ဂျီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ပွဲ ၄ ပွဲလုံး အနိုင်ရရှိထားသလို ပြည်တွင်းပွဲ ၁၂ ပွဲလုံး အနိုင်ရယူထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ၎င်းတို့ကဲ့သို့ပင် ၄ ပွဲလုံး အနိုင်ရရှိထားတဲ့ အာဆင်နယ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီကတော့ စပါးစ်ကို ဧည့်ခံကစားရပါမယ်။

image